သထုံ ၊ မေ ၂၁

မွန်ပြည်နယ် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ သထုံအခြေစိုက် အမှတ် ၉ ခြေ မြန်တပ်ရင်းကနေ ဝီယော်ကျေးရွာအုပ်စုထဲကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ထုံးဘိုလေးကျေးရွာမှာ ၃ လုံး၊ သုံးအိမ်စုကျေးရွာထဲကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သုံးအိမ်စုကျေးရွာနေ အသက် ၄ နှစ်အရွယ်ကလေး နော်ပေါက်ပေါက်၊ အသက် ၄၂ နှစ်အရွယ် စောပဲ့ဖိုး၊ အသက် ၃၅ နှစ်အရွယ် နော်အိဖြူတို့ လက် နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုအတွင်း သုံးအိမ်စုကျေးရွာနေ စောအပေ၊ ဖားမီး၊ အိဖြူတို့ရဲ့ နေအိမ်သုံးလုံးနဲ့ နော်အိဖြူပိုင်ဆိုင်တဲ့ သုံးဘီးဆိုင်ကယ်တစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ အခုလအတွင်း ကျိုက်ထို၊ဘီးလင်းနဲ့သထုံမြို့နယ်ထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.