ဘူးသီးတောင်၊ မေ ၂၁

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းက မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လုံခြုံရေးအတွက် ဘေးလွတ်ရာကို အမြန်ဆုံး ပြောင်းရွှေ့ထားကြဖို့ ရက္ခိုင့်တပ်တော် AA က မေ ၂၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။

ရခိုင်ဒေသက ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်း၊ ရေ ကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခို ကျင်းတွေ တူးထားကြဖို့နဲ့ စစ်ပွဲအန္တရယ်ဇုံအတွင်းမှ အမြန်ဆုံးပြောင်းရွှေ့ကြဖို့ တိုက်တွန်းထားပါတယ်။

အဲ့ဒီနယ်မြေတွေမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ကြဖို့နဲ့ စစ်ပွဲအန္တရယ်ဇုန်အတွင်း ပိတ်မိနေပါက ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော်ထံမှာ အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အရပ်ဘက်အဆောက်အအုံတွေအား မီရှို့ဖျက်ဆီးတာ၊ တံတားတွေကို ချိုးဖျက်တာ၊ အပြစ်မဲ့အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာမြို့နယ်တွေနဲ့ ဈေးတွေကို လက်နက်ကြီးအပြင် လေကြောင်းနဲ့ ဒရုန်းတွေ တိုက်ခိုက်မှုတွေကို ပြုလုပ်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှ မူဆ လင်တွေ၊ RSO ARSA ARA နဲ့ အကြမ်းဖက်လိုတဲ့ အစွန်းရောက် မူဆလင်လူငယ်တွေကို သင်းတန်းပေးပြီး လက်နက်တပ်ဆင်ပေးကာ တိုက်ပွဲအတွင်း အသုံးပြုလာတာကြောင့် ရခိုင်ဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ပွားစေရန် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ AA က ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ “စစ်အားစစ်စည်းကမ်းနှင့်အညီသာ တိုက်ပွဲဆင်နွှဲရမည်”ဟူတဲ့ ကျင့်ဝတ်ကို လိုက်နာကျင့်သုံးပြီး စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေ မည်သည့်အခါမှ ရည်ရွယ်တိုက် ခိုက်တာ မရှိတဲ့အပြင် တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို အရေးပေါ် ကူညီကယ်ထုတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေအနေနဲ့ ရခိုင်ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်တွေရဲ့ ပကတိအမှန်တရားတွေကို ဘက်လိုက်မှုမရှိဘဲ သတင်းကျင့်ဝတ်နဲ့အညီ သတင်းရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်မှ လက်ခံကြိုဆိုလျက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.