ကြာအင်းဆိပ်ကြီး၊ မေ ၂၁

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီး နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဖူချိမူတပ်စခန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ အများအပြား လက်နက်ချအညံ့ခံခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ ဖူချိမူတပ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်တို့က လအတန်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မေ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကနေ စွန့်ခွာထွက်ပြေးသွားခဲ့အတွက် ပူးပေါင်းအဖွဲ့တွေက စခန်းကို တက်ရောက်ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အချို့တဝက်လောက်ဟာ ထိုင်း-မြန်မာနယ်စပ်အနီးမှာ ရောက်ရှိနေခဲ့ပြီး အယောက် ၄၀ ကျော်ကတော့ KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချအညံ့ခံခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

နယ်စပ်ဘက်ကို ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦးကို သတ်ဖြတ်သွားခဲ့ပြီး လက်ရှိမှာ ထွက်ပြေးသွားတဲ့ စစ်ကြောင်းကို လိုက်လံရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်အနီး နောက်ဆုံးကျန်ရှိနေတဲ့ ဖူချိမူတပ်စခန်းကို KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ကျိုက်ဒုံမြို့ကနေ နယ်စပ်အထိ စစ်ကောင်စီတပ်စခန်း တစ်ခုမှ မကျန်တော့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီတပ် ဗျူဟာကို ပြီးခဲ့တဲ့ မတ်လပိုင်းက KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲအတွင်း ဗျူ ဟာ မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့အများအပြား လက်နက်ချအညံ့ခံခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကျိုက်ဒုံမြို့နယ် နယ်စပ်အနီးရှိ ရေတလျောက်၊ မယ်သရောထ၊ ကွီလုံတိုင်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့အများအပြား ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.