မော်လမြိုင်၊ မေ ၁၉

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီရဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ဒေသတွင်း စစ်မှုထမ်း စာရင်းကောက်ယူရာမှာ လူငယ်တွေ စစ်မှုမထမ်းချင်တာ၊ တိမ်းရှောင်မှုတွေ ရှိလာတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ အစားထိုးတာတွေ ရှိလာခဲ့တာပါ။

သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ရွှေ့ပြောင်းလုပ်သားတွေကို ငွေကျပ်သိန်းဆယ်နဲ့ချီ ငှားရမ်းပြီးနောက် စစ်သင်တန်းတွေ ပို့ဆောင်တာ၊ လာမယ့်စစ်မှုထမ်း အပတ်စဉ်တွေအတွက် ကြိုတင်ငွေကြေးပေးချေး ငှားရမ်းတာတွေ ရှိနေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းဖို့အတွက် ငှားရမ်းရာမှာ တစ်ဦးလျှင် အနည်းဆုံး ငွေကျပ်သိန်း ၂၀ ကနေ သိန်း ၅၀ အထိ ပေးဆောင်တာတွေ ရှိနေတာဖြစ်ပြီး အဲဒီအတွက် ဒေသတွင်းမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ငွေကြေးတောင်းခံတာတွေ ရှိနေတာပါ။

“စစ်မှုထမ်းခေါ်ဆောင်မှု အခြေအနေက တချို့ရပ်ကွက်တွေက ပိုက်ဆံနဲ့တစ်အိမ်ဘယ်လောက်ဆိုပြီးတော့ အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံကောက်တယ်။ အရင်ခေတ်ကလို ပေါ်တာအငှားလိုက်သ လိုပေါ့။ အငှားပိုက်ဆံနဲ့ လိုက်တဲ့သူတွေကို ထည့်ပေးတာလည်းရှိသလို တခြားနယ်ကကလေးတွေ ဒီမှာအလုပ်လာလုပ်ပြီး အငှားလိုက်တဲ့ ဈေးကွက်ပေါ်လာတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည် တစ်အိမ်ကို တစ်သိန်းတို့၊ တစ်သိန်းခွဲတို့ အဲဒီလိုပိုက်ဆံတွေ လိုက်ကောက်တယ်။ ကောက်ပြီးတော့ စစ်မှုထမ်းတွေကို ငှားမယ်ဆိုပြီးတော့ လောလောဆယ် သူလုပ်စားနေတာပေါ့”လို့ အမည်မဖော်လိုတဲ့ မွန်ပြည်နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

ရပ်ကွက်ကျေးရွာပေါင်း ၄၆၈ ရွာရှိတဲ့ မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်တစ်ခုလျှင် တစ်ရွာလူတစ်ဦးနှုန်း စစ်မှုထမ်းဖို့ စာရင်းပေးရန် ညွှန်ကြားထားပြီး မပေးနိုင်တဲ့ ရပ် ကွက်၊ကျေးရွာတွေအပေါ် ဖိအားပေးတာတွေ ရှိနေပါတယ်။

ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရွေ့ပြောင်းလုပ်သားတွေကို လူစားလဲပြီး စစ်မှုထမ်းခိုင်းလာတဲ့အတွက် အလုပ်သမားအရေအတွက်ကျဆင်းပြီး ထုတ်လုပ်ရေး ထိခိုက်မှုရှိနိုင်လာသလို ဒီလိုလုပ်ဆောင်နေပေမယ့် စစ်ရေးအရ စစ်ကောင်စီတပ်ပြန်ထူနိုင်ဖို့ အကျိုးမရှိဘူးလို့ ဝေဖန်ပါတယ်။

“လုပ်ငန်းစွမ်းဆောင်ရည်ကတော့ ကျဆင်းတာပေါ့။ အခုဆိုရင် ကျွန်တော်တို့ ပြည်တွင်းမှာ အလုပ်လုပ်နိုင်တဲ့အရွယ်တွေ မှန်သမျှက ပြည်ပကိုထွက်ခွာနေတဲ့အချိန်။ ကျွန်တော်တို့ ဒီထိုင်းလို အလုပ် ကြမ်းသမား လိုအပ်နေတဲ့ တိုင်းပြည်အတွက် အမြောက်အများ ရောက်ရှိသွားသလို ပြည်တွင်းမှာကတော့ ဒီလိုအလုပ်သမား အရေအတွက် ကျဆင်းလာတာကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတွေမှာလည်း အများကြီးထိခိုက်နစ်နာမှုတွေ ရှိလာမှာပါ။ ဒါကစစ်ရေးနဲ့ မပတ်သက်တဲ့ ကုန်ထုတ်လုပ်ငန်းပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ပြောချင်တာက ဒီလိုလုပ်နည်းလုပ်ဟန်က သူရဲ့စစ်ရေးအရ သူ့တပ်ကို သူပြန်ထူမတ်ဖို့အတွက်လည်း အကျိုးမရှိဘူးဆိုတဲ့အကြောင်းကို ပြောချင်တာပါ”လို့ ဆိုပါတယ်။

ရွေ့ပြောင်းလုပ်သားတွေကို လူစားလဲ အငှားလိုက်ပြီး စစ်မှုထမ်းတာတွေ ရှိလာတဲ့အတွက် လုပ် သားရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရမှာဖြစ်သလို ပြည်တွင်းထုတ်ကုန်တွေ ထုတ်လုပ်မှု ကျဆင်းလာပါကလည်း တိုင်းပြည် GDP ကို ထိခိုက်လာမှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်မှုတွေ ရှိနေတာပါ။

စစ်ကောင်စီရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းအလုပ်သမား ခုနှစ်သောင်းကျော်ရှိနေပြီး အများစုဟာ ဧရာဝတီတိုင်းနဲ့ပဲခူတိုင်းက ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအ ပတ်စဉ် ၁ အတွက် လူငယ်လူရွယ်အယောက် ၂၀၀ ကျော် စစ်သားစုဆောင်းခံထားရတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ မွန်ပြည်နယ်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ ကို မေ ၁၄ ရက်နေ့ကစပြီး သံဖြူဇရပ်မြို့ နယ်ရှိ ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်းမှာ သင်တန်းစပေးနေပြီလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.