သရက်ချောင်း၊ မေ ၁၇

တနင်္သာရီတိုင်း သရက်ချောင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၈ ရက်နေ့က ပဲဒက်စခန်း သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၇၀ ဝန်း ကျင်နဲ့ ရေလမ်းကနေတစ်ဆင့် သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစု ပူး ပေါင်းတပ်တွေကြား ကနက်သီရိကျေးရွာအနီးတစ်ဝိုက်မှာ မေ ၁၄ ရက်နေ့ကနေ မေ ၁၆ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ၊ K8W နဲ့ Mi-2 ရဟတ်ယာဉ်တွေနဲ့ ကနက်သီရိကျေးရွာအနီးတစ်ဝိုက်ကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသလို ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီး အဆက်အပြတ် ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

ဖက်ဒရယ်စစ်ကြောင်းရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုမင်းထက်က သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ များပြားနေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ပြောပါတယ်။

စခန်းသိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီဟာ ပဲဒက်ကျေးရွာ အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ ပဲဒက်စခန်းမှာ ပြန်လည်တပ်စွဲနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်ကြောင်ထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုနဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကနက်သီရိကျေးရွာက နေအိမ် ၁၆ လုံးထက်နည်း ပျက်စီးခဲ့ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ၊ အောက်သရက်ချောင်းနဲ့ ဂုံညှင်းဆိပ်ကျေးရွာ အပါအဝင် ကျေးရွာ ၇ ထက်မနည်းက ဒေသခံ ပြည်သူ ၅၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေဒုတိယအပတ်မှာလည်း စစ်ကောင်စီရဲ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနက်သီရိနဲ့ ရငဲကျေးရွာတွေက ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် ၉ ဦး ထက်မနည်း ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.