Gold shop at the downtown in Rangoon on June 17 , 2016. ( Photo - Pyay Kyaw / The Irrawaddy )

မော်လမြိုင် ၊ မေ ၁၇

စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်ကာလအတွင်း ပြည်တွင်းမီးလင်းအခေါက် ရွှေဈေးနှုန်းဟာ တစ်ကျပ်သား ကျပ်သိန်း ၅၀ ကျော်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေလပထမအပတ်က ပြင်ပဈေးကွက်မှာ တစ်ကျပ်သား ၄၇ သိန်းဝန်းကျင်သာရှိတဲ့ ပြည်တွင်းမီးလင်းအခေါက်ရွှေဟာ မေ ၁၆ ရက်နေ့မှာ ကျပ်သိန်း ၅၀ ကျော်အထိ စံချိန်တင်ဈေးနှုန်း ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာရတာဟာ ဒေါ်လာဈေးနှုန်း သိသိသာသာ မြင့်တက်လာမှုနဲ့အ တူ ကမ္ဘာ့ရွှေဈေးနှုန်းတွေလည်း မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူများပြီး နိုင်ငံခြားငွေ ဝယ်ယူမှုများတဲ့အတွက် ဒေါ်လာဈေးနှုန်း ထပ်မံတက်လာတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ငွေဈေးတက်လို့၊ ရွှေဈေးတက်တယ်လို့ပဲ ပြောရမှာပေါ့နော်။ စစ်မှုထမ်းဥပဒေလိုဟာမျိုး ထွက်လာတယ်မလား။ ထွက်လာတော့ အဲဒီမှာလူတွေက နိုင်ငံခြားကို ကိုယ်သန်ရာသန်ရာ နိုင်ငံကို အ သီးသီးထွက်ကြတယ်။ ထွက်ကြတော့ အဲဒီမှာဘတ်ဈေးတွေဆိုလည်း အရင်တုန်းက ၈၀ ကျော် ၉၀ ကျော်ကနေပြီးတော့ အခုဆို ၁၁၀ ကျော်သွားပြီးပေါ့နော်။ ထိုနည်းတူပဲ အမေရိကန်ဒေါ်လာကလည်း မတရားတက်သွားတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေဈေးနှုန်း မြင့်တက်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ ကျားဖြန့်လုပ်ငန်းနဲ့ CB ဘဏ် ဥက္ကဋ္ဌ ဖမ်းဆီးခံရတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် သိ သိသာသာ ကျဆင်းလာသလို မီးလင်းအခေါက်ရွှေ ရောင်းချမှုရပ်ဆိုင်းထားတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာမှုအပေါ် စစ်ကောင်စီဘက်က ရွှေဈေးကစားသူတွေကို သတိ ပေးအရေးယူတာတွေ ရှိနေပေမယ့် ရွှေဈေးနှုန်းထိန်းနိုင်ခြင်း မရှိသေးပါဘူး။

ပြည်တွင်းရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်သာရှိရာမှ စစ်အာဏာသိမ်းပြီးနောက် ၄ ဆ နီးပါးထိ မြင့်တက်လာပြီး ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်း နေ့စဉ်နီးပါး ဖြစ်ပေါ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.