ကျိုက်မရော ၊ မေ ၁၇

တိုက်ပွဲပြင်းထန်ခဲ့တဲ့ မွန်နဲ့ကရင် နယ်စပ် ဂျိုင်းမြစ်ဒေသက ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူအများစု နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ တစ်လကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တို့ကြား ကော့ဘိန်း၊ ဓမ္မသ၊ သံကလောင်နဲ့ တရနာကျေးရွာအနီးတဝိုက်တွေမှာ နှစ်ဘက်ထိတွေ့တိုက် ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်က ဓမ္မသကျေးရွာနဲ့ ကော့ဘိန်းကျေးရွာတွေကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက် ဧပြီနောက်ဆုံးအပတ်ကစတင်ပြီး စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်လာဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကျေးရွာတွေအတွင်း စစ်ကောင်စီတပ်က ရဲစခန်းအပါအဝင် လမ်းဆုံလမ်းခွတွေ၊ ရွာအဝင်လမ်းတွေနဲ့ အထပ်မြင့်အရပ်သားနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတာကြောင့် စစ်ရှောင်ပြည်သူအများစု နေရပ်မပြန်နိုင်သေးတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

“တချို့လူတွေ ယောင်္ကျားလေးတွေ စပြန်လာပြီ။ စစ်ကောင်စီရှိတဲ့ ရပ်ကွက်တွေကျတော့ သူတို့ (အရပ်သားတွေ) ပြန်မလာရဲသေးဘူး။ ဘာဖြစ်လို့လဲဆို သူတို့အိမ်တွေ ဖောက်ထွင်းထားတာ ရှိတယ်။ သူတို့ကြောက်ပြီးတော့ မပြန်ရဲကြဘူး”လို့ ကော့ဘိန်းဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ရမ္မာဝတီကားလမ်းတစ်လျှောက်ရှိ တရနာ၊ သံကလောင်၊ ဓမ္မသ၊ ကော့ဘိန်းစတဲ့ ကျေးရွာတွေအတွင်း ဖြတ်သန်းသွားလာခွင့်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကန့်သတ်ထားပြီး တင်းကြပ်စစ်ဆေးမှုတွေလည်း ရှိနေပြန်ပါတယ်။

တစ်ဘက်မှာ ဂျိုင်းမြစ်ဒေသတွင်းက ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ၊ ကော့ဘိန်းနဲ့ အနီးတဝိုက်ကျေးရွာက နေအိမ်အများအပြား ဖောက်ထွင်းခံထားရပြီး စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွေလည်း ရှိနေတယ်လို့ သ တင်းတွေထွက်ပေါ်နေတာပါ။

နေအိမ်မီးလောင်ခံရတဲ့ဖြစ်စဉ်မှာလည်း မိသားစုဝင်တွေ တစ်ကွဲတစ်ပြားစီ ဘေးလွတ်ရာထွက်ပြေးခဲ့ရတာကြောင့် ပုပ်သိုးနေတဲ့အလောင်းတွေ နေအိမ်အတွင်းရှိနေတာကို ထပ်မံကြားသိနေရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကနေ သိရပါတယ်။

ဒီလိုမျိုးဆိုးဝါးတဲ့ အခြေအနေတွေ ဆက်ရှိနေတာကို ဒေသခံပြည်သူတွေ သိနေပေမယ့်လည်း ကျန်ရှိနေသူတွေရဲ့ လုံခြုံရေးကြောင့် မပြောရဲတာနဲ့ ထုတ်ဖော်ပြောဆိုခွင့် မရတဲ့အတွက် မပြန်ရဲတဲ့ အ ခြေအနေ ဖြစ်နေတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာနမှူး မိသုတဂျော်က ဒီ အခြေအနေတွေကြောင့် သက်ကြီးရွယ်အို အမျိုးသမီးနဲ့ ကလေးသူငယ်တွေ နေရပ်မပြန်ရဲကြသေးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အထူးသဖြင့်လူကြီး၊ အမျိုးသမီး၊ ကလေးစိုးရိမ်ရတဲ့သူတွေက ပြန်လို့မရဲကြသေးဘူး။ ပြန်ပြီး (တိုက်ခိုက်မှုဖြစ်ရင်) ပြန်ထွက်နိုင်ဖို့ ခက်မှာလည်း စိုးရိမ်တဲ့အတွက် ပြန်ဖို့ကို အရမ်းပြန်ချင်နေကြပြီ။ ဒါပေမယ့် စကစတပ်တွေ မထွက်မချင်း ဒေသခံတွေ စိတ်အေးအေးနဲ့ ပြန်နိုင်ဖို့ အထူးသဖြင့် ပြေးဖို့ခက်ခဲတဲ့သူတွေပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောကြားနေကြတာပေါ့”လို့ ဆိုပါတယ်။

အရပ်သားနေအိမ် ၃၀၀ ကျော်နဲ့ ဘာသာရေးအဆောက်အဦးတွေ မီးလောင်ပြာကျခဲ့ရတဲ့ ဓမ္မသကျေးရွာမှာတော့ ဒေသခံပြည်သူတွေ နေရပ်ပြန်မလာနိုင်သေးသလို ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေလည်း စစ်ကောင်စီဘက်က အကောင်အထည်မဖော်နိုင်သေးဘူးလို့ ရွာခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဓမ္မသကျေးရွာအတွင်း ပျက်စီးယို ယွင်းခဲ့တဲ့ နေအိမ်အဆောက်အဦးတွေ အပါအဝင် ကျောင်းသားကျောင်းသူတွေ ပညာဆက်လက်သင်ကြားနိုင်ဖို့ ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တဲ့ လျှပ်စစ်မီးနဲ့ သောက်သုံးရေ ရရှိရေးတွေ အမြန်ဆုံးဆောင်ရွက်‌ပေးဖို့ မေ ၇ ရက်နေ့မှာ ပြောဆိုခဲ့တာပါ။

ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကနေ အစပြုခဲ့တဲ့ ဂျိုင်းမြစ်ဒေသတိုက်ပွဲအတွင်း ရမ္မာဝတီကားလမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်း ဒေသခံပြည်သူ တစ်သိန်းကျော်ထိ နေရပ်စွန့်ခွာခဲ့ရပြီး စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.