ဝါရှင်တန်၊ မေ ၁၅

အိမ်ဖြူတော်က အစ္စရေးဆီကို ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ တင်ပို့လိုကြောင်း လွှတ်တော်ကို အသိပေးထားတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဒီအစီအစဉ်မှာ သံချပ်ကာကား၊ ကျည်တွေ၊ မော်တာတွေနဲ့ စစ်သုံးယာဉ်တွေအတွက် ကျည်ဆန်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ အစ္စရေးထံ လက်နက် တင်ပို့မယ့် အစီအစဉ်အတွက် လွှတ်တော်ရဲ့ ခွင့်ပြုချက် ရယူရဦးမှာ ဖြစ်ပါတယ်။

ဂါဇာ ကမ်းမြောင်ဒေသမှာရှိတဲ့ ရာဖာမြို့ကို အစ္စရေးက ကြီးကြီးမားမား ထိုးစစ်ဆင်ခဲ့မယ်ဆိုရင် အစ္စရေးထံ လက်နက် တင်ပို့မှု ရပ်ဆိုင်းမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုထားပါတယ်။

မေ ၁၄ ရက်က အစ္စရေး သံချပ်ကာကားတွေဟာ အရှေ့တောင်ပိုင်းမြို့ ရာဖာရဲ့ လူနေဒေသတွေထဲအထိ ဝင်ရောက်လာခဲ့တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

အမေရိကန်က လက်နက်တင်ပို့မှု ရပ်ဆိုင်းမယ့် ပြောဆိုမှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဘိုင်ဒန်က မိမိတို့ ပေးပို့လိုက်တဲ့ လက်နက်တွေကြောင့် ဂါဇာမှာ အရပ်သားတွေ သေဆုံးနေရတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ အမေရိကန်က အစ္စရေးသို့ လက်နက်တင်ပို့မှု ပြီးခဲ့တဲ့ သီတင်းပတ်က ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း လွှတ်တော်မှာ ပထမဆုံး တင်ပြထားမှု ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ သံချပ်ကားကျည် ဒေါ်လာ သန်း ၇၀၀ ဖိုး၊ ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ စစ်သုံးကား ကျည်တွေနဲ့ မော်တာကျည် သန်း ၆၀ ဖိုး ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးက အမေရိကန်ထုတ် လက်နက်တွေကို နိုင်ငံတကာ ဥပဒေချိုးဖောက်ရာမှာ အသုံးပြုနေဖွယ်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက သမ္မတဘိုင်ဒန်ရဲ့ ပြောဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ မိမိတို့မှာ ဘာလက်နက်မှ မရှိတော့ရင် လက်သည်းခွံတွေနဲ့ တိုက်ခိုက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေး တပ်တွေဟာ ဂါဇာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် အစ္စရေးသို့ အမေရိကန်လက်နက် ပေးပို့မှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.