မော်လမြိုင်၊ မေ ၁၆

နိုင်ငံတဝန်းမှာ တစ်ပတ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူ ၄၇ ဦး သေဆုံးပြီး ၈၁ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

မေ ၈ ရက်နေ့ကနေ ၁၄ ရက်အထိ တစ်ပတ်အတွင်း ကောက်ယူထားတဲ့ အချက်အလက်တွေအရ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းတို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီထဲမှာ အဆိုးဝါးဆုံးအနေနဲ့ မေ ၉ ရက်နေ့က မကွေးတိုင်း ဆောမြို့နယ် အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အချက်အလက်တွေအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာ၊ မြို့နယ်တွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ တနင်္သာရီတိုင်း ထားဝယ်အရှေ့တောဒေသခံ ကိုသော်လွင်အောင်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုတွေဟာ လေယာဉ်သံကြားတာနဲ့ စိုး ရိမ်ကြောက်လန့်မှုတွေ ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်သူလူထုက လေယာဉ်ကြောင့် ထိတ်လန့်မှုတွေ ရှိလာတယ်။ ကြောက်လန့်မှုတွေ ပိုများလာတယ်ပေါ့။ အဓိကတော့ ဒီမြေပြင်ဆိုတာထက် လေယာဉ်နဲ့ တောက်လျှောက် တိုက်ခိုက်တာတွေ အပြစ်မဲ့တဲ့ ပြည်သူတွေဆီကို ဗုံးကြဲတာတွေ တောက်လျှောက်လုပ်လာတာကြတော့ ပြည်သူလူထုမှာ အကြောက်တရားတွေက ပိုပြီးတော့ ပိုရှိလာတယ်ပေါ့နော်။ ဘယ်အချိန် ငါတို့ဆီလာပြီးတော့ လေယာဉ်ဗုံးလာကြဲမလဲဆိုတဲ့ အကြောက်တရားတွေရှိမယ်။ ဒါကမြေပြင်မှာ တကယ်ခံစားနေရတဲ့ ပြည်သူလူထုရဲ့ စိတ်နေသဘောထားဖြစ်တယ်”လို့ ဆိုပါ တယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာတဲ့အမျှ ဘာသာရေး အဆောက်အအုံနဲ့ နေအိမ်ထိခိုက် ပျက်စီးတာတွေလည်း နေ့စဉ်နဲ့အမျှ တိုးလာနေတာ ဖြစ်ပါတယ်။

မေ ၁၁ ရက်နေ့ကလည်း ချင်းပြည်နယ် တွန်းဇံမြို့နယ် လုံတပ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်းနဲ့ လူနေ အိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

Black Corba Column စစ်ကြောင်းပြန်ကြားရေး တာဝန်ခံကတော့ စစ်ကောင်စီတပ်ဟာ မြေပြင်မှာ တိုက်ခိုက်ရေးစွမ်းရည် မရှိတော့အတွက် လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်နေပြီး အရပ်သားပြည်သူတွေကိုပါ ခြိမ်းခြောက်လာတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ မြေပြင်မှာ သူတို့ရဲ့မြေပြင်တပ်တွေက စွမ်းရည်မရှိတော့ဘူး။ တိုက်နိုင်တဲ့ အင်အားမရှိတော့ဘူး။ ဆိုတော့ ဒီဘက်မှာပြန်ပြီး တုံ့ပြန်ဖို့ အားသာတဲ့အချက်က ဒီလေကြောင်း တစ်ခုပဲရှိတယ်ပေါ့နော်။ မြေပြင်မှာ မြင်နေရတဲ့ အတွေ့အကြုံက အဲဒီလိုမျိုးဖြစ်နေပါတယ်။ တကယ်မြေ ပြင်မှာတိုက်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်ပွဲအတွင်းမှာ လေကြောင်းကနေ ခြိမ်းခြောက်တာရှိတယ်။ နောက်တစ်ခုက ဘေးပတ်ဝန်းကျင်က ပြည်သူပေါ့နော်။ ပြည်သူကို ခြိမ်းခြောက်လိုက်ရင် ပြည်သူရဲ့ ဖိအားကနေတစ်ဆင့် ကျွန်တော်တို့က ပြန်ပြီးတော့ ဆုတ်ခွာသွားမလား။ အဲဒီလိုဖိအားပေးတာရှိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့အခြပြုကျောင်းတွေရဲ့ မြေပြင်မှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းနဲ့ ပညာရေးလုပ်ငန်းစဉ် အာလုံးယာယီရပ်ဆိုင်းထားတယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က မေ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာတွေအပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တောင်းဆိုထားပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ ညဏ်လင်းသစ်အဖွဲ့က ပြီခဲ့တဲ့ ၂၀၂၃ ခုနှစ် နောက်ဆုံးလေးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂၄၉ ဦး သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ ၉ ရက်နေ့ မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.