သရက်ချောင်း၊ မေ ၁၁

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာမှာ မေ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပဲဒက်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

တပ်အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပဲဒက်ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ပဲဒက်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကနဦးမှာ နေ အိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးထားပြီး အရေအတွက် အတိအကျ မသိရသေးပါဘူး။

ပဲဒက်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအနီးပတ်ဝန်းကျင်မှာပဲ ဆက်လက်ရှိနေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၈ ရက်နေ့က ပဲဒက်တပ်စခန်းကို KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် အရှင်ဖမ်းဆီးရမိခဲ့သလို လက် နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ပဲဒက်တပ်စခန်းသိမ်းခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေထဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနက်သီရိကျေးရွာနေ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.