မကွေး၊ မေ ၁၁

မကွေးတိုင်းဒေသကြီးရဲ့ မြို့နယ်တွေမှာ Mask တပ်ဆင်သွားပါက သေနတ်နဲ့ ပစ်သတ်လို့ရတယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက လိုက်လံခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မေ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေရဲ့ အမိန့်စာအရ Mask တပ်ဆင်တာ၊ လက်နက်ခဲယမ်းထည့်ဝင်တဲ့ အိတ်တွေကို စလွယ်သိုင်းပြီး သွားလာတာ လုံးဝမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

အခုလိုကန့်သတ်ရတာဟာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေအား သတ်ဖြတ်သူတွေဟာ သင်္ကြန်နဲ့ သင်္ကြန်အပြီးကာလတွေမှာ Mask တပ်ဆပ်ပြီး ဘေးလွယ်အိတ်လွယ်ထားတာကို တွေ့ရှိခဲ့ရတာကြောင့်လို့ ဆိုပါတယ်။

ဒီအမိန့်ဟာ ထုတ်ပြန်တဲ့နေ့မှစပြီး ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်ပြီး လိုက်နာဖို့ ပျက်ကွက်ပါက တည်ဆဲဥပဒေနဲ့ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

အဲဒီအမိန့်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဈေးတွေအပါအဝင် လူစည်းကားရာ နေရာတွေမှာ Mask တပ်ဆင်သူတွေကို လိုက်လံဖြုတ်သိမ်းတာနဲ့ ပစ်သတ်လို့ရကြောင်း ပြောဆိုတာတွေရှိတယ်လို့ မကွေးဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“သူတို့က(စစ်ကောင်စီတပ်ဖွဲ့ဝင်) ကိုဗစ်ကင်းစင်ပြီဖြစ်လို့Mask တပ်တာ လွယ်အိတ်လွယ်တာ လုပ်လို့မရတော့ဘူးတဲ့။ တွေ့ရှိပါက PDF ပါလို့ပြောတယ်။ အတည်ပြောတာ မကွေးမြို့ပေါ်မှာ ဒီမနက် ညီမဈေးရောင်းနေတာ ဆွဲဖြုတ်သွားပြီး အဲလိုပြောသွားတယ်။ ပစ်သတ်လို့ရတယ် ပြောသွားတယ်”လို့ မကွေးမြို့မဈေးရှိ ဈေးသည်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီကတော့ Mask တပ်ဆင်တာနဲ့ လွယ်အိတ်လွယ်မှု တားမြစ်ရတာဟာ အများပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် ဖြစ်တယ်လို့ ဆိုထားပါတယ်။

မကွေးတိုင်းထဲမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူမစီးဖို့အပါအဝင် ဒေသန္တရအမိန့်အမျိုးမျိုး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်အမိန့်ဟာ လက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ အဖွဲ့အစည်းတွေ ပြည်သူလူထုထံကနေ ငွေကြေးတောင်းယူဖို့ လမ်းဖွင့်ပေးတာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI,CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.