မော်လမြိုင် ၊ မေ ၁၂

အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက မြို့နယ် ၉၀ နီးပါးမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ မေ ၇ ရက်နေ့မှာ အသံအဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အသံအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ရန်ကုန်နဲ့ နေပြည်တော်ကလွဲရင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး အဲဒီထဲက စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုမှာ စစ်တိုင်းက ၂၇ မြို့နယ်၊ ရခိုင်က ၁၇ မြို့ နယ်၊ ရှမ်းက ၉ မြို့နယ်၊ ကချင်က ၈ မြို့နယ်၊ ချင်းက ခုနှစ်မြို့နယ်၊ ကရင်နီက ၅ မြို့နယ်၊ ပဲခူးက ၃ မြို့နယ်၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ မြို့နယ် ၄ ခုစီဖြစ်ပြီး ကျန်တဲ့မွန်၊ဧရာဝတီနဲ့ မန္တလေးတိုင်းမှာတော့ တစ်မြို့နယ်စီ စုစုပေါင်း ၈၇ မြို့နယ်အထိ ပါဝင်ပါတယ်။

အကြောင်းအရင်းကတော့ တိုက်ပွဲပြင်းထန်တဲ့ဒေသတွေမှာ စစ်အုပ်စုရဲ့ ဖြတ်လေးဖြတ်နည်းဗျူ ဟာကို ကျင့်သုံးပြီး ဒေသခံပြည်သူတွေအပေါ် သတင်းအချက်အလက်စီးဆင်းမှုကို ဖုံးကွယ်ထိန်ချန်နိုင်ဖို့၊ တော်လှန်ရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်မှုတွေကို ဖြတ်တောက်နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတာလို့ အသံအဖွဲ့ကဆိုပါတယ်။

တစ်ဘက်မှာ ဆက်သွယ်ရေးတာဝါတိုင်တွေ လည်ပတ်နိုင်ဖို့ စက်သုံးဆီပြတ်လပ်မှုကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်မှုတွေရှိသလို ဒေသခံလူငယ်တွေကို မတရားစစ်မှုထမ်းစေဖို့ စာရင်းကောက်တာတွေ ပြုလုပ်နိုင်ရေး ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ထားတာပါ။

အသံအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦး က ဆက်သွယ်ရေးလိုင်းတွေကို ဖြတ်တောက်တာဟာ စစ်ကောင်စီရဲ့ တိတ်တဆိတ်လူသတ်လက်နက်တစ်ခုပဲလို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“အင်တာနက်အပါအဝင် ဆက်သွယ်ရေးလိုင်းတွေကို ဖြတ်တောက်ခြင်းက တိတ်တဆိတ် လူသတ်လက်နက်တစ်ခုပဲလို့ ကျွန်မတို့အနေနဲ့ ယူဆတယ်။ ဒါကြောင့်လည်း ကျွန်မတို့က သေသေချာချာ မှတ်တမ်းတင်ပြီး အချက်အလက်တွေကို စိစစ်ပြီး ကောက်ယူထားတာဖြစ်တယ်။ ဘာကြောင့်လဲ ဆို ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ အကြမ်းဖက်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆက်တိုက်ကျုးလွန်နေတာတွေ့ရတယ်။ ဆို‌တော့ ဒီဟာတွေကို သတင်းစီးဆင်းမှု မြန်မြန်မရောက်ရှိအောင် ဒီလိုအချက်အလက်တွေ နိုင်ငံတကာဆီ မရောက်ရှိအောင် ပြည်သူအချင်းချင်း ဖလှယ်လို့မရအောင်ဆိုတဲ့ ရည်ရွယ်ချက်မြောက်များစွာနဲ့ သူတို့ (စကစ) ဖြတ် တောက်နေတာ ဖြစ်တယ်”လို့ ဆိုပါတယ်။

အကျိုးအဆက်အနေနဲ့ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြုတ်တောက်ထားတဲ့ ဒေသက ပြည်သူတွေအနေနဲ့ အလုပ်အကိုင်တွေဆောင်ရွက်ရာမှာ အခက်အခဲတွေ ကြုံတွေ့ရပြီး ဒေသတွင်း သတင်းစီးဆင်းမှု ရပ်တန့်ကာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို နေ့စဉ်နဲ့အမျှ စိုးရိမ်နေကြရတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတစ်ဦးကတော့ အင်တာနက်ဖြတ်တောက်ခံထားရမှုကြောင့် ကူ ညီကယ်ဆယ်ရေးနဲ့ ဒေသခံတွေရဲ့ လုံခြုံရေးတွေမှာ အခက်အခဲရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုအင်တာနက်ဖြတ်ထားတဲ့အပေါ်မှာ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေ နောက်ပြီး နိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ မသိရသလို သတင်းအမှောင်ချထားသလို ဖြစ်နေတာပေါ့။ လိုင်းရဖို့ဆိုရင် တစ်နေရာသွားသုံးရတာမျိုးတွေ ဒါမှမဟုတ် စတားလင့်ရှိတဲ့နေရာ သွားသုံးရတာမျိုးတွေ သုံးရတာပေါ့။ ရိုက်ခတ်မှုကလည်း အများကြီးရှိတယ်။ မြေပြင်နဲ့ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို အချိန်နဲ့တပြေးညီ မသိရတဲ့အတွက် စစ်ရှောင်တွေဆိုရင် လေယာဉ်ဗုံး ကြဲတာတို့ စစ်ကြောင်းဝင်တာတွေဆိုရင် သတ်ဖြတ်ခံရတာတွေ ပြေးရလွှားရတာတွေ ဘာမှကြို တင်ကာကွယ်မှုမရနိုင်တဲ့ အခက်အခဲတွေရှိတယ်ဗျ”လို့ ဆိုပါတယ်။

အသံအဖွဲ့ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် စစ်ဘေးရှောင်တွေအနေနဲ့လည်း သူတို့ကိုကူညီမယ့် အလှူရှင်တွေနဲ့ အ ဆက်အသွယ်ပြတ်တောက်နေပြီး စားနပ်ရိက္ခာထောက်ပံ့မှုတွေ မရရှိနိုင်ဘဲ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလကြာမြင့်လာတာနဲ့အမျှ ဒေသအများစုမှာ စီးပွားရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ မလွယ်ကူတော့ဘဲ ဒေသခံအများစုဟာ ထိုင်းနဲ့ မလေးရှားလို့ နိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ မိသားစုတွေဆီက ပို့ဆောင်တဲ့ ငွေကြေးနဲ့ အဓိကထားရပ်တည်နေကြရတာလို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.