ဆိုးလ်၊ မေ ၁၁

တောင်ကိုရီးယားက အငယ်တန်းဆရာဝန်တွေရဲ့ သပိတ်မှောက်မှုဟာ လနဲ့ချီ ကြာမြင့်နေပြီး ပြေလည်မှု မရသေးတဲ့အတွက် နိုင်ငံခြားသားဆရာဝန်တွေကို ခေါ်ယူခန့်ထားရေး စီစဉ်ထားကြောင်း ဝန်ကြီးချုပ် ဟန်ဒက်ဆူးက မေ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဆရာဝန်တွေ ပိုမိုဖြည့်တင်းနိုင်ရေး အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အငယ်တန်း ဆရာဝန်ထောင်ပေါင်းများစွာက ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး သပိတ်မှောက်ခဲ့တာကြောင့် တောင်ကိုရီးယားက ဆေးရုံတွေမှာ ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်သွားခဲ့ပါတယ်။

အနှောင့်အယှက် ဖြစ်နေတဲ့ အနေအထားကို ဖြေရှင်းရေး လိုက်လျောမှု တချို့ ပြုလုပ်ထားပြီးနောက် နိုင်ငံခြားသား ဆရာဝန်တွေကို ခေါ်ယူခွင့်ပြုထားတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောကြားပါတယ်။နိုင်ငံခြားဆရာဝန် လိုင်စင်ကိုင်ဆောင်ထားသူတွေကို သေသေချာချာစစ်ဆေးဖို့ ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

၂၀၂၅ ခုနှစ်အတွက် ဆေးကုသရေး ကဏ္ဍနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးမယ်လို့ အစိုးရက ကတိပြုထားပေမယ့် အငယ်တန်းဆရာဝန်တွေကတော့ အလုပ်ပြန်ဆင်းဖို့ ငြင်းဆန်နေဆဲဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ သက်ကြီးရွယ်အိုတွေ ပိုမိုများလာမှုနဲ့ ဆရာဝန်တွေ လိုအပ်မှု များပြားလာတာကြောင့် အစိုးရက အဲဒီလိုမျိုး ဆောင်ရွက်တာ ဖြစ်ပေမယ့် သပိတ်မှောက် ဆရာဝန်တွေကတော့ အဲဒီအစီအစဉ်ကို လုံးဝ စွန့်လွှတ်ဖို့ တောင်းဆိုထားပါတယ်။

တရားရုံးကတော့ အစိုးရ အလိုကျ ဆုံးဖြတ်ထားပေမယ့် အထက်တရားရုံးကတော့ လာမယ့် သီတင်းပတ်မှာ ဆုံးဖြတ်ချက် ချဖို့ရှိနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.