မော်လမြိုင် ၊ မေ ၁၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ တည်ရှိတဲ့ ကျုံအိတ်တံတား ထပ်မံမိုင်းခွဲခံရတာကြောင့် တောင်ပိုင်းဒေသရဲ့ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီလို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျုံအိတ်တံတားဟာ မေ ၁၁ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံရတဲ့အတွက် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားတစ်ခြမ်းအပြင် အသစ်ပြန်ပြင်ထားတဲ့ ဘေလီတံတား နှစ်စင်းလုံး ပြိုကျပျက်စီးပြီး ဆက်သွယ်ရေးလမ်းပိုင်း ပြတ်တောက်သွားတာပါ။

အဲဒီတံတားဟာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာတည်ရှိပြီး မြန်မာပြည်တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသတွေရဲ့ ကုန်စည်ပို့ဆောင်တာနဲ့ ခရီးသွားလာရာမှာ အဓိကအသုံးပြုတဲ့ လမ်းပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ကျုံအိတ်တံတား ပြိုကျပျက်စီးသွားတဲ့အတွက် တောင်ပိုင်းဒေသက ထွက်ရှိတဲ့ ကုန်စည်တွေကို တင်ပို့လို့ မရတော့သလို တခြားဒေသတွေက ကုန်စည်တွေကိုလည်း တင်သွင်းလို့မရတဲ့အပြင် ခ ရီးသွားလာမှုတွေပါ ရပ်တန့်သွားပြီလို့ သိရပါတယ်။

စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကတော့ ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ တည်ရှိတဲ့ ကျုံအိတ်တံတား ပျက်စီးသွားတဲ့အတွက် ကုန်စည်စီးဆင်းမှုအပေါ် အရမ်းကြီးသက်ရောက်မှု ရှိလာနိုင်ပြီး ကုန်ဈေး နှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။

“ဒီဟာကပျက်ပြီးဆိုရင်တော့ တစ်ရက်စာရဲ့ လိုအပ်ချက်တွေက မနည်းဘူးပေါ့။ ကုန်စည်တွေက မနည်းဘူးဆိုတော့ အဲဒါတွေပြတ်တောက် သွားလို့ရှိရင်တော့ အများကြီး ဒုက္ခရောက်တယ်လေ။ အဲဒီနေရာက ခက်တာက ဖြတ်လမ်းမရှိဘူး။ ပြန်ပြင်မယ်ဆိုလည်း အနည်းဆုံး ကျွန်တော်ထင်တာ တစ်ပတ်လောက်တော့ ကြာနိုင်တာပေါ့လေ။ ဘေလီတံတားတွေ ထိုးရင်တောင်မှ တစ်ပတ်လောက်ကြာမယ်။ ဘယ်လိုဖြစ်ဖြစ် ကုန်စည်တွေကတော့ တစ်ပတ်တော့အကျပ်အတည်း ဖြစ်မှာပေါ့။ ကုန်ဈေးနှုန်းတွေ တက်သွားမယ်၊ ရှိတဲ့ကုန်တွေကလည်း ပြတ်လပ်မှုတွေ ဖြစ်မယ်ဆိုတော့ ဈေးတော့တက်မှာပဲ”လို့ ဆိုပါတယ်။

ကျုံအိတ်တံတားဟာ တောင်ပိုင်းဒေသရဲ့ အဓိက ကုန်ပစ္စည်းတွေ တင်ပို့တင်သွင်းရာ လမ်းကြောင်းဖြစ်တာကြောင့် ပုပ်သိုးလွယ်တဲ့ အသားငါးနဲ့ အသီးအရွက် ကုန်စည်တွေအပေါ် ထိခိုက်မှုကြီးမားနိုင်သလို တခြားကုန်စည်တွေလည်း နှောင့်နှေးကြန့်ကြာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ယာဉ်လိုင်းလုပ်ငန်းရှင်တစ်ဦးကလည်း တံတားပျက်စီးသွားတာကြောင့် ခရီးစဉ်တွေနှောင့်နှေး ကြန့် ကြာမှု ဖြစ်ပေါ်နေရသလို တံတားကိုအချိန်မီ မပြုပြင်နိုင်ပါက ကုန်စည်စီးဆင်းမှုတွေနှေးကွေးပြီး ခရီးစဉ်တွေပါ ရပ်ဆိုင်းသွားမယ်လို့ ပြောပါတယ်။

“အခက်အခဲဖြစ်တာတော့ ခရီးသည်တွေ ကြန့်ကြာနှောင့်နှေးမှုတွေ ဖြစ်တာပေါ့။ ကားတွေက အခုထိ ပိတ်နေတုန်းဆိုတော့ ခရီးသည်တွေရှိတယ်။ ကုန်ပစ္စည်းတွေလည်း ကြန့်ကြာနှောင့်နှေးမှုတွေ ဖြစ်တာပေါ့။ ကာလတွေကြာမယ်ဆိုရင်တော့ အခြေအနေဟာ တော်တော်ဆိုးရွားသွားမယ်။ လမ်း ပန်းဆက်သွယ်ရေးတွေ အကုန်ပြတ်တောက်ပြီးတော့ ကုန်စည်စီးဆင်းမှုနှေးကွေး။ ခရီးသည်တွေဟာ အကုန်လုံးတော့ ဘယ်လိုခေါ်မလဲဆိုတော့ သွားလာမှုတွေ ရပ်ဆိုင်းရမှာပေါ့။ အဲဒီလောက်ထိတော့ မြင်ထားတယ်။ ကြန့်ကြာရင် ကြန့်ကြာသလောက်ကို ခရီးသည်တွေနဲ့ ကုန်စည်တွေကတော့ ဒုက္ခရောက်မှာပဲ”လို့ ဆိုပါတယ်။

ကျုံအိတ်တံတား ပျက်စီးပြီး ဖြတ်သန်းလို့ မရတော့တာကြောင့် ခရီးစဉ်တွေအားလုံးဖျက်သိမ်းလိုက်ရသလို ခရီးသည်တွေနဲ့ ကုန်စည်ပို့ဆောင်သူတွေကိုတော့ ငွေပြန်အမ်းတာ၊ ပစ္စည်းပြန်လည်အပ်နှံတာတွေ လုပ်ဆောင်ပေးနေရတယ်လို့ သူကဆက်ပြောပါတယ်။

ကျုံအိတ်တံတားကို ပြီးခဲ့တဲ့နှစ် ဇွန် ၂၉ ရက်နေ့ကလည်း KNLA ပူးပေါင်းအဖွဲ့တွေ မိုင်းခွဲခဲ့တဲ့အ တွက် တံတားတစ်ခြမ်း ပြိုကျသွားသလို တံတားပြိုကျချိန်မှာ ကားနှစ်စီး တံတားအောက် ပြုတ်ကျခဲ့တဲ့အတွက် လူသေဆုံးမှုရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် တံတားပြိုကျချိန် လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ ထပ်မံတိုက်ခိုက်ခံရတာကြောင့် ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပြီး သထုံတပ်နယ်မှူးနဲ့ အရာရှိအကြီးပိုင်းတွေအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ၃၀ နီးပါး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.