ဘီးလင်း၊ မေ ၁၁
မွန်ပြည်နယ် ဘီးလင်းနဲ့သထုံမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလးမ်ပေါ်ရှိ ကျူံအိတ်တံတားဟာ ဒီနေ့ မနက်အစောပိုင်းမှာ ထပ်မံမိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ခရီးသွားပြည်သူထံက သိရပါတယ်။
ဒီနေ့ မေ ၁၁ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ ကျုံအိတ်တံတားကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပြီး အဲဒီမတိုင်ခင် ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားနဲ့ အသစ်ပြန်ပြင်ထားတဲ့ ဘေလီတံတား နှစ်စင်းလုံး ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။
“ပြန်ပြင်ထားတဲ့ ဘေလီသံတံတားရော အရင်မိုင်းခွဲခံရစဉ်က ကျန်ခဲ့တဲ့ ကွန်ကရစ်တံတားကော နှစ်ခုစလုံးကျိူးသွားပြီ။ ကားတွေအများကြီး ပိတ်မိနေတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျုံအိတ်တံတား မိုင်းခွဲခံရတဲ့အတွက် ရန်ကုန်-မော်လမြိုင်ကားလမ်း ဆက်သွယ်ရေးပြတ်တောက်သွာပြီး ခရီးသွားပြည်သူ အများစု နောက်ကြောင်း ပြန်လှည့်နေကြတယ်လို့ သိရပါတယ်။
မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားကို မနက် ၈ နာရီအချိန်အထိ စစ်ကောင်စီဘက်က လာရောက်စစ်ဆေးတာ မရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန် ၂၉ ရက်နေ့က ကျုံအိတ်တံတားကို KNLA ပူးပေါင်းအဖွဲ့တွေ မိုင်းခွဲခဲ့တဲ့အတွက် တံတားတစ်ခြမ်းပြိုကျသွားပြီး တံတားပြိုကျချိန် ကားနှစ်စီး တံတားအောက် ပြုတ်ကျပြီး လူသေဆုံးတာတွေ ရှိခဲ့ပါတယ်။
အဲဒီနောက် တံတားပြိုကျချိန် လာစစ်တဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ ထပ်မံတိုက်ခိုက်ခံရတာကြောင့် ဝန်ထမ်း ၂ ဦး သေဆုံးပြီး သထုံတပ်နယ်မှူးနဲ့ အရာရှိအကြီးပိုင်းတွေအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ