မော်လမြိုင်၊ မေ ၉

အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန် စံချိန်တင်မြင့်တက်လာမှုနဲ့အတူ မွန်ပြည်နယ်အတွင်းက မြို့နယ်သုံးမြို့နယ်မှာ အပူဒဏ်ကြောင့် လူသုံးဦးသေဆုံးထားတယ်လို့ ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီလနဲ့ အခုမေလအတွင်း အပူဒဏ်ကြောင့် သေဆုံးမှုမှာ မော်လမြိုင်မြို့က သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၊ သထုံမြို့က အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး၊ ရေးမြို့နယ်က အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ နေအိမ်အပြင်ထွက် သွားလာရင် ရုတ်တရက် လဲကျသေဆုံးတာ၊ တောင်တက်စဉ် အပူရှပ်သတိလစ်ပြီး သေဆုံးတာတွေ ရှိခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အပူဒဏ်ကြောင့် အပူရှပ်လဲကျတာ၊ သတိလစ်တဲ့ဖြစ်စဉ်တွေကြောင့် ဆေးရုံဆေးခန်း ပို့ဆောင်ရမှု အများအပြားရှိနေပြီး အပူဒဏ်ကို သက်ကြီးပိုင်းလူကြီးတွေ အများဆုံး ခံစားနေရတယ်လို့ ဆိုပါတယ်။

ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ ဒေသတချို့မှာ မိုးရွာသွန်းမှုကြောင့် အပူချိန်အနည်းငယ် ပြန်လည်လျော့ကျလာတာ ဖြစ်ပါတယ်။

Radio Free Asia RFA သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနိုင်ငံမှာ အပူဒဏ်ကြောင့် လူပေါင်း ၁၇၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ မန္တလေးတိုင်းက အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

အပူဒဏ်ကြောင့် လူသေဆုံးမှု အရေအတွက်ကို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-လူမှုကူညီရေးအသင်းများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.