ဘုတ်ပြင်း၊ မေ ၉
တနင်္သာရီတိုင်း ဘုတ်ပြင်းနဲ့ တနင်္သာရီမြို့နယ်အစပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ၁၀၂၀ ပွိုင့်စခန်းကုန်းကို စစ်ကူလာတဲ့ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ဖွဲ့စည်းပုံပျက်ပြီး တပ်ပြန်ဆုတ်သွားတယ်လို့ BLACK COBRA COLUMN ပူးပေါင်းစစ်ကြောင်းထံမှ သိရပါတယ်။
တပ်အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ၁၀၂၀ ပွိုင့်စခန်းကုန်းကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွက် စစ်ကူလာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက နေ့တိုင်းနီးပါး ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားတယ်လို့ BLACK COBRA COLUMN စစ်ကြောင်း ပြန်ကြားရေးတာန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၃၀ ရက်နေ့မှ မေ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား အ လောင်းတွေနဲ့အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
BLACK COBRA COLUMN စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိ အပါအဝင်အများအပြား ပျောက်ဆုံးလျက်ရှိပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်ကိုလည်း ခရီးသည်တင်လှေနဲ့ ဘုတ်ပြင်းမြို့ကို ပို့ဆောင်သွားတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေရဲ့ မိသားစုတွေကလည်း BLACK COBRA COLUMN စစ်ကြောင်းနဲ့ ပူးပေါင်းဖို့ ဆက်သွယ်မှုတွေ ရှိနေသလို ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ထားဝယ်အခြေစိုက်နဲ့ မြိတ်အခြေစိုက် လေတပ်စခန်းကနေ K8Wနဲ့ Mi-2 လေယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးနေသလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အေးချမ်းသာ၊ ရွာသာယာကျေးရွာနဲ့ မနိုးရုံးကျေး ရွာအပါအဝင် အနီးပတ်ဝန်းကျင် ၅ ရွာထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ၁၀၂၀ ပွိုင့်စခန်းကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝန်း ရံပိတ်ဆို့ထားပြီး စစ်ကူလာတဲ့ စစ်ကြောင်းတွေကိုလည်း ဖြတ်တောက် တိုက်ခိုက်ထားတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး ဘုတ်ပြင်း၊ ပုလော၊ တနင်္သာရီ၊ သရက်ချောင်းနဲ့ ထားဝယ်မြို့တွေမှာ နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-BLACK COBRA COLUMN