ကျွန်းစု၊ မေ ၈

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု သဘောင်းတောင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မေ ၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ ပျူစောထီခေါင်းဆောင်လည်းဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေအိမ်မှာ သွားရောက်ဖမ်းဆီးစဉ် ပြန် လည်ခုခံတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်ရှင်းလင်းမှုအတွင်း ၉ မမ ပစ္စတို ၁ လက်၊ ကျည် ၂၅ တောင့်၊ လက်ထိပ် ၁ ခု၊ ငွေသား ၃ သိန်း၊ ဖုန်းတစ်လုံး၊ အုပ်ချုပ်ရေးမှူးကဒ်ပြား၊ မှတ်ပုံတင်၊ မီးသတ်ကဒ်ပြားနဲ့ သက်သေခံစာရွက်စာ တန်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဟာ လက်နက်ကိုင်ဆောင်ပြီး အရပ်သားပြည်သူတွေရဲ့ စီးပွားရေးလုပ် ငန်းတွေမှာ ငွေကြေးတောင်းခံတာတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ လုပ်ဆောင်နေတဲ့အတွက် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာ ဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါအပြင် ကျွန်းစုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးတွေနဲ့ ကျေးရွာတာဝန်ခံ (ရာအိမ်မှူး) တွေအား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စစ်မှုထမ်းစရင်း ကောက်ယူပေးတာ၊ ပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းကြေးကောက်ခံတာနဲ့ ပုံစံအမျိုးမျိုးဖြင့် အနိုင်ကျင့် ခြိမ်းခြောက်မှုတွေကို လုံးဝ ရပ်တန့်ကြဖို့ သတိပေးထားပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အချက်အလက်တွေအရ အခုနှစ် ပထမ သုံးလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေအပြင် တော်လှန်ရေးအင်အားစုတွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၃၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကျွန်းစုပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.