ရေး ၊ မေ ၈
မွန်ပြည်နယ်ရဲ့တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားတဲ့ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတချို့မှာ လက်နက်ကြီးနဲ့ တပ်အင်အားတိုးချဲ့ထားတယ်လို့ မွန်ပြည်တော်လှန် ရေးတပ် MSRF ကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကတည်းက ရေးမြို့ နယ်က ခေါဇာမြို့ အခြေစိုက် ခလရ ၃၁ ၊ ကိုးမိုင်အခြေစိုက် ခလရ ၂၉၉ နဲ့ မွန်-တနင်္သာရီ နယ်ခြားမျဉ်းပေါ်ရှိ မလွှဲတောင်ဂိတ်စခန်းတွေမှာ တပ်အင်အားတိုးချဲ့ထားသလို ရေးမြို့ကနေ အစင်ကျေးရွာအထိ တပ်ဖွဲ့ဝင်အင်အားတိုးချဲ့ပြီး လှုပ်ရှားနေတာပါ။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ ရေးမြို့ နယ်တဝိုက်မှာရှိတဲ့ မဟာ မိတ်တပ်တွေရဲ့ လှုပ်ရှားမှုများလာတဲ့အပေါ် စစ်ကောင်စီက ခံစစ်နဲ့ထိုးစစ် ပြင်ဆင်လာတဲ့အခြေအ နေရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ ရေးတဝိုက်မှာရှိတဲ့ မဟာမိတ်တပ်တွေကလည်း လှုပ်ရှားမှုတွေများလာတဲ့အပေါ်မှာ စိုးရိမ်မှုတွေ ဖြစ်လာပြီးတော့ ခံစစ်အတွက် ပြင်ဆင်လာတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် ခံစစ်တင်မဟုတ်ဘဲ ကြည့်ရတာ သူတို့ (စကစတပ်) တစ်မျိုးတစ်ဖုံနဲ့ ထိုးစစ်လည်း ဆင်လာနိုင်တဲ့ အခြေအနေရှိတယ်လို့တော့ ကျွန်တော်ပြောချင်တယ်။ သူတို့ ထိုးစစ်မဆင်တာ (ပြီးခဲ့တဲ့နှစ်) အောက်တိုဘာလကတည်းက ရန်သူတွေရဲ့ လှုပ်ရှားမှု နယ်မြေရှင်းလင်းမှုတွေ လုံးဝမရှိခဲ့ပါဘူး”လို့ ဆိုပါတယ်။
အရင်က ခလရ ၃၁ နဲ့ ခလရ ၂၉၉ တပ်တို့ဟာ တပ်ခွဲတစ်ခွဲစာလောက်နဲ့ စခန်းစောင့်သဘောမျိုး ထားရှိခဲ့ရာကနေ အခြားဒေသက တိုက်ပွဲတွေမှာ တိုက်တိုင်းရှုံးပြီး စစ်ပန်းနေတဲ့ တပ်ဖွဲ့ဝင်တွေကို နောက်တန်းမှာပြန်ပို့ပြီး ခဏအနားပေးတာလည်း ဖြစ်နိုင်တယ်လို့ သူကထောက်ပြပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ထိုးစစ်တွေနဲ့ ရှုံးပွဲဆက်တိုက်ကြုံနေရချိန်မှာ တပ်ဖွဲ့ဝင်တွေကို စစ် မျက်နှာအနောက်တန်းမှာ အင်အားဖြည့်လာတာဟာ ရေးမြို့နယ်တစ်ခုတည်း မဟုတ်ဘဲ ကျန်တဲ့ မွန်နဲ့ ကရင်က မြို့နယ်တချို့မှာလည်း အင်အားထပ်ဖြည့်လာနေတယ်လို့ နိုင်နဂါးက ပြောပြပါတယ်။
တစ်ဘက်မှာ ကျောင်းရွာအနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်တွေအပါအဝင် ကလော့ရွာအခြေစိုက် အမြောက်တပ်ကလည်း တာဝေးပစ်လက်နက်ကြီးတွေဖြစ်တဲ့ ဟောင်ဝှစ်ဇာတွေနဲ့ ၁၂၀ မမ တွေကိုလည်း ဖြည့်တင်းထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ဒီလိုမျိုး စစ်ကောင်စီတပ်ကနေ တာဝေးပစ်လက်နက်ကြီးတွေဖြည့်တင်းပြီး ညဘက်အချိန်တွေမှာ စမ်းသပ်ပစ်ခတ်နေသလို တိုက်ခိုက်ခံရတဲ့ တပ်စခန်းအနီးတဝိုက်မှာလည်း ရပ်းသမ်းပစ်ခတ်နေတာလည်း ရှိနေပြန်ပါတယ်။
“လက်ရှိ ကျွန်တော်တို့ လမိုင်းမြို့မှာဆိုရင် လက်နက်ကြီးတော့ ညပိုင်းမှာ သူ့တပ်ကနေ သူပစ်ထုတ်တာ ရှိတယ်။ ညတိုင်းတော့မဟုတ်ဘူး၊ ကုလားဂုတ်ကိစ္စပြီးတော့ သုံးညဆက်တိုက်ပေါ့။ လက်နက်ကြီး ၃/၄ လုံး အဲဒီလောက်ပေါ့။ ညပိုင်းကျတော့ သူတို့ (စကစတပ်) လုံခြုံရေးသဘောအရ လမိုင်းမြို့မှာ အဝင်အထွက်ရှိနေတာပေ့ါ”လို့ လမိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။
မေ ၂ ရက်နေ့ ည ၁၀ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ မနက်ပိုင်းအထိ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လှုပ်ရှားနိုင်တဲ့ ရပ်ကွက်၊ ကျေး ရွာတချို့မှာ ဝင်ရောက်တပ်စွဲတာ၊ ညပိုင်း စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့ ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။
မွန်ပြည်နယ်ရှိ ရေးမြို့နယ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေသဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မွန်နဲ့ကရင်တို့ရဲ့ ထိန်းချုပ်နယ်မြေ တစ်စိတ်တစ်ဒေသလည်း ပါဝင်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AFP