မုန်း၊ မေ ၇

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၆ လုံး ထိ ခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ တစ်ရက်တည်း KNU မုန်းမြို့နယ်ရဲ့ ကျေးရွာတွေဖြစ်တဲ့ မိုညှင်းဒဲ၊ ကွီးဒိုခေါ်၊ ထီးခးထာကျေးရွာနဲ့ ရခိုင်တောင်တို့ကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးလေးလုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၅ လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးတစ်ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း KNU ရွှေကျင်မြို့နယ် ပန်းအင်းကျေးရွာထဲ စစ်ကောင်စီရဲ့ ခမရ ၂၆၄ တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU ရွှေကျင်မြို့နယ်မှာ ဧပြီနောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလားတဲ့အတွက် ကျေး ရွာ ၅ ရွာက ဒေသခံ ၆၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU အုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူလူထု ၇ သိန်းခွဲနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.