ဗန်းမော် ၊ မေ ၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင်က မြို့နယ် ၃ ခုမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကချင်လွတ်မြောက် ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေပြီး စခန်းတချို့ သိမ်းပိုက်ရရှိထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မေ ၇ ရက် မနက်အစောပိုင်းကစပြီး မိုးမောက်မြို့၊ မံစီမြို့နဲ့ ဗန်းမော်မြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း ဗန်းမော်မြို့နယ် စင်းခန်းနယ်မြေရဲစခန်းနဲ့ ကာကင်းဂိတ်စခန်းတွေအပြင် ဧရာဝတီမြစ်ကူးတံတားဖြစ်တဲ့ စင်းခန်းတံတားကိုလည်း ကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပါတယ်။

လက်ရှိမှာလည်း မံစီနဲ့မိုးမောက်မြို့တို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေ ကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဗန်းမော်ခရိုင်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကစတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ကချင်လွတ်မြောက် ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၀၀ နီးပါး သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.