တနင်္သာရီ၊ မေ ၈
နှစ်ဖက်တိုက်ပွဲကြောင့် တနင်္သာရီတိုင်းရှိ ဘုတ်ပြင်း-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်း ၁၀ ရက်နီးပါးကြာ ဖြတ်သန်းသွားခွင့် ကန့်သတ်ထားတဲ့အတွက် ကုန်ပစ္စည်းတင်ပို့မှုအပါအဝင် သွားရေးလာရေးကအစ အခက်အခဲ ဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကစပြီး ဘုတ်ပြင်းနဲ့တနင်္သာရီနယ်စပ်ရှိ စစ်ကောင်စီရဲ့ ၁၀၂၀ ပွိုင့်ကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ မေ ၇ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။
အဲဒီတိုက်ပွဲကြောင့် ကုန်တင်ကားတွေဟာ တနင်္သာရီမြို့နယ်အတွင်း ပိတ်မိနေပြီး ဒေသခံပြည်သူတွေကလည်း လမ်းပိုင်းဆက်သွယ်ရေးအတွက် ရေလမ်းကို အဓိကအသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကော့သောင်း၊ ဘုတ်ပြင်းကနေ မြိတ်မြို့သို့ သွားရောက်မယ့် ကုန်ကားတချို့ကလည်း ပြည်ကြီးမဏ္ဍိုင်မြို့အနီး ပိတ်မိနေပြီး ရှေ့ဆက်သွားလို့မရတာကြောင့် ရောက်ရာနေရာမှာပဲ စခန်းချ ရပ် နားနေကြတယ်လို့ သိရပါတယ်။
ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်း တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ မြိတ်မြို့သို့ သွားရောက်ဖို့အတွက် စက်လှေခအဖြစ်တစ်ဦးလျှင် ကျပ် ၃သောင်းနှုန်း ပေးဆောင်နေရတယ်လို့ ဘုတ်ပြင်းဒေ သခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
အလားတူ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းရှိရာ သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ဖြတ်သန်းသွားခွင့်ကန့်သတ်ထားတာပါ။
တနင်္သာရီတိုင်းမှာတော့ ပြီးခဲ့တဲ့ ဧပြီလကစပြီး ဘုတ်ပြင်း၊ တနင်္သာရီ၊ ပုလော၊ သရက်ချောင်းနဲ့ ထားဝယ်မြို့ နယ်တို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို စစ်ကောင်စီဘက်က လေ ကြောင်း အသုံးပြုတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ