ဆစ္စဒနီ ၊ မေ ၈

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ အသက်ဝင်ရေး ဆောင်ရွက်နေချိန် တရုတ်စစ်တပ်ကြောင့် မိမိတို့စစ်သားတွေ နိုင်ငံတကာလေပိုင်နက်မှာ အန္တရာယ်ကျရောက်မှုဟာ လက်မခံနိုင်ဘူးလို့ သြစတြေးလျ ဝန်ကြီးချုပ်အန်တိုနီ အယ်ဘာနိစ်က မေ ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပင်လယ်ဝါအပေါ်မှာ အန္တရာယ်မကင်းဘဲ လက်မခံနိုင်ရာဖြစ်တဲ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း သြစတြေးလျ စစ်ဖက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စီးဟာ တရုတ်တိုက်လေယာဉ်ကြောင့် အန္တရာယ်ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ အသက်ဝင်ရေး ဆောင်ရွက်မှုမှာ ပါဝင်တဲ့ သြစတြေးလျလေတပ် MH60R Seahawk ရဟတ်ယာဉ်အပေါ်နဲ့ လမ်းကြောင်းပေါ်မှာ တရုတ်လေတပ်ရဲ့ J-10တိုက်လေယာဉ်က မီးတောက်တွေ ချထားခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်က ပြောကြားပါတယ်။

ရုပ်သံကထုတ်လွှင့်တဲ့ အင်တာဗျူးမှာ သြစတြေးလျဝန်ကြီးချုပ်က မိမိတို့ရဲ့ပြောဆိုမှုနဲ့ ပတ်သက်လို့ တရုတ်က တုံ့ပြန်မှုမရှိသေးဘူးလို့ ပြောဆိုထားပါတယ်။

တရုတ်လေတပ်ရဲ့ အဲဒီလုပ်ရပ်ဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ အန်တိုနီအယ်ဘာနိစ်က ပြောကြားပါတယ်။

နိုင်ငံတကာ လေပိုင်နက်မှာရှိနေတဲ့ မိမိတို့တပ်ဖွဲ့ဝင်တွေအနေနဲ့ အဲဒီလိုနှောင့်ယှက်မခံရသင့်ဘူးလို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးက ပြောကြားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တရုတ်ရဲ့ ရှင်းလင်းချက်ကို မိမိတို့အနေနဲ့ အလိုရှိနေကြောင်းနဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း သြစတြေးလျက ပြောကြားပါတယ်။

တရုတ်ဝန်ကြီးချုပ် လီကီကျန်း လာမယ့်လမှာ သြစတြေးလျသို့ လာရောက်ဖို့ ရှိနေတာကြောင့် ဒီကိစ္စကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်တယ်လို့လည်း သြစတြေးလျက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.