ဘူးသီးတောင်၊ မေ ၆
ရခိုင်ပြည်နယ် ဘူးသီးတောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုတပ်မဌာနချုပ်မှ ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ဒီနေ့ မေ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။
စကခ ၁၅ လို့ခေါ်တဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုတပ်မဌာနချုပ် အပြီးသတ်သိမ်းပိုက်မှုအတွင်း လုံးဝမလွတ်မြောက်နိုင်တဲ့ အခြေအနေမှာ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ တပ်မိသားစုဝင်တွေအားလုံး လက်နက်ချအညံ့ခံခဲ့တာ ဖြစ်တယ်လို့ AA က ဆိုပါတယ်။
ရက္ခိုင့်တပ်တော် AA ဟာ စစ်ကောင်စီရဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုတပ်မဌာနချုပ်ကို မေ ၂ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်သလို ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်ရင်း ၄ ရင်းကိုလည်း သိမ်းပိုက်ရရှိထားတာပါ။
ဒါ့အပြင် ဘူးသီးတောင်မြို့နယ်အတွင်း ကျန်ရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကိုလည်း အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ဆက်လက်ချေမှုန်းသွားမယ်လို့ ရက္ခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA