မော်လမြိုင် ၊ မေ ၇
မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ရေရှားပါးမှုနဲ့အတူ လျှပ်စစ်မီး ပိုမိုဆိုးရွာစွာ ပြတ်တောက်လာတဲ့အတွက် လူမှုဒုက္ခအခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အယ်လ်နီညိုရာသီဥတုကြောင့် ပြည်နယ်အတွင်းက မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရောနဲ့ ဘီးလင်းမြို့နယ်တို့မှာ အပူရှိန်ကြောင့် ရေတွင်း၊ ရေကန်တွေ ခန်းခြောက်ပြီးနောက် ရေရှားပါးမှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။
ရေရှားပါးမှုဟာ ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက စတင်ကြုံတွေ့ခဲ့ရပေမယ့် သင်္ကြန်ပြီးနောက် စံချိန်တင် အပူချိန်မြင့်တက်လာမှုနဲ့အတူ ရေရှားပါးမှုပြဿနာကို ဒေသခံပြည်သူတွေ အလူးအလဲ ခံစားလာရတာ ဖြစ်ပါတယ်။
ဘီးလင်းဒေသခံတစ်ဦးကတော့ ရေရှားပါးမှု ပြဿနာဟာ ဒီနှစ်မှာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတာကြောင့် သောက်သုံးရေရရှိရေးအတွက်ပင် မနည်းကြိုးပမ်း ရှာဖွေသုံးစွဲနေတယ်လို့ ပြောပါတယ်။
“ရေကတော့ တော်တော် ဒုက္ခရောက်တယ်။ ဒီနှစ်က ရေတွင်းတွေလည်း ခန်းကုန်တယ်။ နေရာတိုင်းလိုလို တစ်မြို့လုံးလိုလိုပဲ ရေတော်တော် ရှားရှားပါးပါး ဖြစ်ကုန်တယ်။ အဓိကကတော့ ရာသီ ဥတုပါပဲ။ ပင်လယ်ကမ်းစပ်ဘက်တွေက ပိုတောင်ဆိုးသေးတယ်။ အဲဒီဘက်တွေမှာ တစ်အိမ်ကိုရေတစ်ပုံး၊ သူတို့က ချိုးစရာ ရေမရှိနေဘူး။ သူတို့သောက်ဖို့နဲ့ ထမင်းချက်ဖို့အတွက်ရရင် ရပြီ။ သူတို့ကတစ်နေ့ကို ရေနှစ်ပုံးနဲ့ လောက်အောင်သုံးနေရတဲ့ အခြေအနေမျိုးတွေရှိတယ်”လို့ ဆိုပါတယ်။
ဒေသတွင်းမှာ ရေတွင်းရေကန်တွေ ခန်းခြောက်သွားတဲ့အတွက် ရေကို အလှူရှင်တွေ လာရောက်လှူဒါန်းမှသာ အသုံးပြုနေရသလို တချို့ ရက်တွေမှာ လာရောက်လှူဒါန်းသူမရှိတဲ့အတွက် ပင်လယ်ရေကို အကြည်ခံပြီး အသုံးပြုနေရတယ်လို့ သူက ဆက်ပြောပါတယ်။
လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း အရင်က ဒေသတွင်းမှာ ရေရှားပါးရင် အလှူ ရှင်တွေ လှူဒါန်းမှုများပေမယ့် စစ်ကောင်စီလက်ထက် စက်သုံးဆီဈေးနှုန်း ကြီးမြင့်တာ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်မားလာတာ၊ သွားလာရ ခက်ခဲတာတွေကြောင့် အလှူရှင်တွေ သိပ်မရှိတော့ဘူးလို့ ပြောပါတယ်။
“ဟိုတုန်းကတော့ ကျွန်တော်တို့ စုပြီးတော့ ဒီလိုပဲ လှူကြတယ်လေ။ ရေရှိတဲ့ရွာတွေက ရေမရှိတဲ့ ရွာတွေကို လိုက်လှူကြတာပေါ့၊ လှူတယ်ဆိုတာလည်း ဟိုတုန်းကတော့ ဆီဈေးတွေ တော်တယ်လေ။ စက်တွေနဲ့ဒီက ရေတွင်းတွေမှာ ရေလိုက်မောင်းထည့်။ ရေတွေစုပ်ပြီး ကားနဲ့သွားပြီးလှူကြရတာလေ။ အခုက ဆီဈေးတွေကလည်းမြင့်၊ သယ်ယူပို့ဆောင်ဖို့အတွက်လည်း အကုန်လုံး ကုန်ကျ စရိတ်တွေမြင့်၊ နောက်သွားရေးလာရေးကလည်း အခက်အခဲရှိတယ်။ အဲဒီအကြောင်းကြောင့်လည်း အလှူရှင်တွေကလည်း မသွားကြတာပါတာပေါ့”လို့ ဆို ပါတယ်။
လက်ရှိကာလမှာ အပူချိန် ပြင်းထန်ပြီး အလှူရှင်တွေ နည်းပါးတာကြောင့် သောက်သုံးရေ လိုအပ် ချက် မြင့်တက်နေသလို တဖက်မှာလည်း လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာတဲ့ အတွက် ပြည်သူတွေရဲ့ နေထိုင်စားသောက်ရေးတွေကအစ အခက်ကြုံနေရတာပါ။
မော်လမြိုင်မြို့ခံတစ်ဦးက လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှု ဖြစ်ပေါ်နေတာကြောင့် ညပိုင်းအချိန်တွေမှာ အိပ်မရတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။
“လျှပ်စစ်မီး ပြတ်တောက်မှုက တစ်ညလုံးကို အခု ၈ နာရီ လာမယ်ဆိုရင် ၁၀ နာရီဆိုရင် ပြန်ပြတ်ပြီး။ ပြီးရင် အခု ည၈ နာရီလာမယ်ဆို ည ၁၀ နာရီ ပြတ်ပြီးရင် ပြတ်လိုက်တဲ့အပြတ်က မနက် ၄ နာရီ လောက်မှ ပြန်လာ တယ်၊ ၄ နာရီ လာပြီးရင် ၆ နာရီဆို ပြန်ပြတ်ပြီ။ ၂ နာရီ တစ်ခါပဲပေးတယ်၊ အခက်တွေ့တာပေါ့။ အခုဆိုရင် မအိပ်ရဘူး၊ ညကျရင် မအိပ်ရဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ လျှပ်စစ်မီးဟာ နိုင်ငံအတွင်းက ဒေသတွေကို နိုင်ငံတော်ဓာတ်အားစနစ်နဲ့ ဖြန့်ဝေပေးနေရာ ရဲရွာရေအားလျှပ်စစ်စက်ရုံတွေမှာ စက်တွေမဝင်နိုင်သေးမီ ရွှေလီရေးအားလျှပ်စစ်စက်ရုံက စက်တွေနဲ့ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနေရတာကြောင့် ဝန်အားလျှော့ချမယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အခုလို ပုံမှန်ထက် ဝန်အားလျှော့ချမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်အပါအဝင် ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်း ဒေသကြီးတွေမှာ ပုံမှန်ထက် လျှပ်စစ်မီးပိုမိုပြတ်တောက်မယ်လို့ ဆိုထားပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ် နွေရာသီကာလအတွင်း ရေရှားပါးမှုနဲ့အတူ လျှပ်စစ်မီးဆိုးရွာစွာ ပြတ်တောက်လာတဲ့အတွက် လူမှုစီးပွားဘဝတွေအပေါ် သက်ရောက်မှု ကြီး မားနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ချောင်းဆုံကြက်ခြေနီအသင်း/ဘိုဘိုဝင်း