ဘီးလင်း၊ မေ ၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စု ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ မေ ၆ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ ဘီးလင်း -ဖာပွန်ကားလမ်းပေါ်က မိုင်တိုင်အမှတ် ၁၆/၂ နဲ့ ၁၆/၃ ကြားမှာရှိတဲ့ ကညင်ပင်ကွင်းတံတားကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းခွဲဖျက်ဆီးခဲ့တာပါ။

မိုင်းခွဲခံရတာကြောင့် တံတားအရှည် ပေ ၈၀ ၊ တံတားအကျယ် ၂၄ ပေရှိတဲ့ သံကူကွန်ကရစ်တံတားဟာ အလယ်ကနေ ကျိူးကျပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားတာကြောင့် ကားနဲ့ဆိုင်ကယ်တွေကအစ ဖြတ်သန်းသွားလာလို့ မရတော့သလို ဆက်သွယ်ရေးလမ်းပိုင်းတစ်ခုလုံး ပြတ်တောက်သွားတယ်လို့ သိရပါတယ်။

အဲဒီလမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ဘီးလင်းနဲ့ဖာပွန်မြို့ကို လက်နက်ခဲယမ်း၊ ရိက္ခာတွေနဲ့ တပ်အင်အားတွေ ဖြည့်တင်းရာမှာ အဓိက အသုံးပြုနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ကညင်ပင်ကွင်းတံတား မိုင်းခွဲဖျက်ဆီးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့ကလည်း ဘီးလင်း-ဖာပွန်ကားလမ်းပေါ်က ပျဉ်သာတံတားမိုင်းခွဲဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.