ကော့ကရိတ်၊ မေ ၆
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်ကို ထိုးစစ်ဆင်လာတဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးမှာ ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက မေ ၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အဆင့်ဖြစ်တဲ့ အောင်ဇေယျစစ်ဆင်ရေးတစ်ရပ်ကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာ စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ သင်္ဃန်းညီနောင်နဲ့ မြဝတီမြို့ကိုအလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အဲဒီစစ်ဆင်ရေးကို ဖော်ဆောင်နေခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းဟာ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ် စိုးမိုးနိုင်ခဲ့ပြီးတဲ့နောက် ဒေါနတောင်ပေါ်လမ်းအပေါ် တက်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို KNLA ဦးဆောင်တဲ့ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အဆက်မပြတ် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က သံချပ်ကာယာဉ်အပါအ ဝင် စစ်သုံးကားအချို့ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားလည်း ထိခိုက်သေဆုံးမှုတွေရှိနေတာ ဖြစ်ပါတယ်။
မေ ၃ ရက်နေ့က ကော့ကရိတ်မြို့နယ် ဒေါနတောင်ပေါ်မှာ ထိုးစစ်ဆင်လာတဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးမှာ ပါဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတို့ကို အမှတ် ၃၁ ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အနေနဲ့ အစွမ်းကုန် ခုခံတော်လှန်တိုက် ခိုက်လျက်ရှိတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရာ အရပ်မှာ သတိပြုနေထိုင်ကြဖို့လည်း ကျားဖြူစစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အောင်ဇေယျစစ်ဆင်ရေးမှာ ပါဝင်နေတဲ့ စစ်ကောင်စီတပ် သားအချို့ဟာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ လက်နက်နဲ့တကွ အ လင်းဝင်ရောက်လာတာတွေ ရှိနေတယ်လို့ ပူးပေါင်းအဖွဲ့တွေဆီကနေ သိရပါတယ်။
လက်ရှိမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းဟာ တောနော်ရေတံခွန်အထက်ဘက်ကို ရောက်ရှိလာနေပြီး KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ခုခံတိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU
ပုံစာ – ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က မြဝတီမြို့သို့ ချီတက်လာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ခံရစဉ်။