မော်လမြိုင်၊ မေ ၄

စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သင်တန်းသားစာရင်းကောက်ယူဖို့ ကြိုးပမ်းနေချိန်မှာပဲ ပြည်တွင်းမှာရှိတဲ့ အမျိုးသားတွေကို တရားဝင်ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြောလာပါတယ်။

အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဧပြီလကုန်အထိ နားလည်မှုစာချွန်လွှာ MOU နဲ့ ပြည်ပထွက်အလုပ်လုပ်ခွင့် တင်ထားတဲ့ အမျိုးသားစာရင်းတွေ မပါပေမယ့် မေ ၁ ရက်နေ့ကစပြီး တင်ထားတဲ့ စာရင်းတွေထဲက အမျိုးသားတွေကို ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။

တစ်ဘက်မှာ အရေအတွက်နည်းတဲ့ နှစ်နိုင်ငံအစိုးရအချင်းချင်း အစိုးရအလုပ်အကိုင် အေဂျင်စီတွေကနေတဆင့် ပြည်ပထွက်ပြီး အလုပ်သွားလုပ်ကြမယ့်သူတွေ မပါဘူးလို့ သူက RFA မြန်မာပိုင်းသတင်းဌာနကို ဖြေကြားထားပါတယ်။

ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ဦးကတော့ အမျိုးသားတွေအတွက် အလုပ်ခေါ်စာတင်သွင်းမှု ပိတ်ပေမယ့် COE နဲ့ ခွင့်ပြုချက်ကျပြီးသားသူတွေတော့ ထွက်ခွင့်ရှိမှာဖြစ်ပြီး ကျန်တာတော့ အထွေအထူး ညွန်ကြားထားတာမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရုံးဘက်ကတော့ အသေးစိတ် အမိန့်ကြေညာချက် မထုတ်ပြန်လာသေးသလို အလုပ်သ မားဝန်ကြီးဌာန တရားဝင်ဝက်ဆိုဒ်ကနေလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းမှုနဲ့ပတ်သက်ပြီး ပြည်တွင်းအခြစိုက် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်းကို အခုလို ပြောပါတယ်။

“အခုကတော့ အေဂျင်စီတွေကနေတဆင့်သွားတဲ့ လူတွေကို ခဏရပ်ထားတယ်ဆိုတဲ့ သဘောပဲဖြစ်တော့ ရိုးရိုးအလည်အပတ်သမားတွေ မပါဘူးထင်တယ်။ ကျွန်တော်သိသလောက် ဆိုရင်လေ။ အလည်အပတ် PV နဲ့ ရိုးရိုး Visti သွားတဲ့သူက ရနေဦးမယ်ထင်တယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် နောင်တချိန်မှာ ဘယ်လိုမျိုး နိုင်ငံကူးလက်မှတ်အမျိုးအစားတွေဖြစ်စေ ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေတိုင်းကို မလိုအပ်ဘဲ ပြည်ပထွက်ခွင့်မပေးတော့ဘဲ ကန့်သတ်လာနိုင်တဲ့အတွက် ပြည်သူတွေကြား စိုးရိမ်မှုတွေလည်း မြင့်တက်လာနေတာပါ။

စစ်ကောင်စီဘက်ယိမ်းတဲ့ ပြည်တွင်းအခြေစိုက်သတင်းဌာနတချို့ရဲ့ မေးမြန်းချက်အပေါ် အလုပ်သ မားဝန်ကြီး ဌာနကတော့ ထွက်ခွာခွင့်ကိစ္စရပ်တွေ ပိုမိုအချိန်ယူစိစစ်နိုင်ဖို့နဲ့ အခြားအခြေအနေတွေအရ ယာယီအနေနဲ့ ဆိုင်းငံ့ထားတာလို့ အကြောင်းပြပါတယ်။

ဒါပေမယ့် ယာယီရပ်ဆိုင်းကာလကိုတော့ ဘယ်လိုသတ်မှတ်တယ်၊ ဘယ်အချိန်ပြန်ဖွင့်မယ်၊ အခြားသော ဘယ်လိုအခြေအနေတွေအရ ရပ်ဆိုင်းတယ်ဆိုတာ ထုတ်ပြောတာ မရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် သင်တန်းသားစုဆောင်းမှု အကျပ်အတည်းမျိုးစုံကြုံနေရတဲ့အပေါ် အခုလို ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တာလို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီး စစ်သားစုဆောင်းမှုဟာ ပထမသင်တန်းဖွင့်လှစ်ပြီးတဲ့နောက် အခုဒုတိယသင်တန်းဖွင့်လှစ်ဖို့ လူစုဆောင်းတာ မရရှိဘဲနဲ့ အကျပ်အတည်းမျိုးစုံကြုံနေရတဲ့ အနေအထားရှိပါတယ်။ အဲဒါကြောင့်မို့ ပြည်ပထွက်ခွာဖို့ လျှောက်ထားမှုမှန်သမျှ ရပ်ဆိုင်းလိုက်တာပါ”လို့ ဆိုပါတယ်။

အခုလို အမျိုးသားတွေကို ပြည်ပထွက်ခွင့်ထိန်းချုပ်လိုက်တာဟာ စစ်မှုထမ်းဥပဒေမအောင်မြင်ကြောင်း ထုတ်ဖော်ဝန်ခံရာရောက်သလို တရားမဝင်လမ်းကြောင်းကနေ ပြည်ပထွက်ခွာခွင့်တွေ များလာနိုင်စရာရှိတယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တစ်ဦးကတော့ ပြည်ပထွက်အလုပ်လုပ်ခွင့် ရပ်ဆိုင်းလိုက်တဲ့အပေါ် အောက်လမ်းကနေ သွားလို့ရတဲ့ နိုင်ငံတွေဆီ မဖြစ်ဖြစ်တဲ့နည်းနဲ့ ထွက်ကြမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ယောင်္ကျားလေးတော်တော်များများတော့ အခြေအနေမကောင်းဘူးပေါ့။ တော်တော်များများက ထွက်ဖို့ပြင်နေကြတာကိုး။ တခြားရရာနိုင်ငံကိုထွက်ဖို့ ပြင်နေတဲ့အချိန်မှာ ဒီလိုမျိုး ရပ် ဆိုင်းလိုက်တော့ အနည်းဆုံးတော့ ထိုင်းကိုပဲအဓိက ကျွန်တော်တို့ ရွေးချယ်လို့ရမယ်။ ထိုင်းနဲ့ မလေးပေါ့၊ အောက်လမ်းကနေ သွားလို့ရတဲ့ နေရာနှစ်ခုကိုပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ထွက်မှာပေါ့”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးတွေဟာ ရရာနည်းလမ်းတွေနဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ အိုမန်စတဲ့ နိုင်ငံတွေမှာ အရေအ တွက်သိန်းနဲ့ချီ သွားရောက်နေကြတာပါ။

ဒါကြောင့် တရားဝင် ပြည်ပထွက်အလုပ်လုပ်ခွင့်အတွက် ပြင်ဆင်နေကြတဲ့ အမျိုးသားတွေပေါ် စစ်ကောင်စီရဲ့ ပိတ်ပင်မှုဟာ တရားမဝင်ရွှေ့ပြောင်းမှုတွေ ပိုများလာနိုင်တယ်လို့ မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် NLF Myanmar ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။

“သေချာတာကတော့ တရားမဝင်ရွှေ့ပြောင်းမှုတွေက ပိုပြီးတော့ များလာနိုင်မှာဖြစ်သလို အ ထောက်အထား မရှိဘဲနဲ့ ပြည်ပထွက်ခွာပြီး အလုပ်လုပ်ကိုင်မှုတွေ အလုပ်သမားတွေက လူကုန်ကူးမှုတွေ ပိုပြီးတော့ မြင့်တက်လာနိုင်သလို တစ်ဘက်နိုင်ငံတွေရဲ့ ဥပဒေတွေကြောင့် ဖမ်းဆီးမှုတွေလည်း များစွာရှိလာနိုင်တယ်”လို့ ဆိုပါ တယ်။

ပြီးခဲ့တဲ့နှစ် ရှမ်းမြောက်မှာ ဆင်နွှဲခဲ့တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီး နိုင်ငံအနှံ့ထိုး စစ်တွေနဲ့ အင်အားယိုင်နဲ့လာနေတဲ့ စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ နိုင်ငံ သားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ပြည်တွင်းရှိ လူငယ်လူရွယ်အတော်များများဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆီ ရောက်ရှိသွားကြသလို တစ်ဘက်မှာ ရရာနည်းနဲ့ ပြည်ပနိုင်ငံတွေမှာ အလုံးအရင်းနဲ့ ထွက်ခွာဖို့ ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.