ဂူဝါဟက္တီ၊ မေ ၃
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ခိုလှုံဖို့ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေထဲက ပထမဆုံးအသုတ်ကို မေ ၂ ရက်နေ့မှာ နေရပ်ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။
ပြန်လည်ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး သီတင်းပတ်များစွာ ကြိုးပမ်းခဲ့ပေမယ့် အိမ်နီးချင်းမြန်မာ နိုင်ငံမှာ စစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အနှောင့်အ ယှက် ဖြစ်ခဲ့ရပြီးနောက် ပထမဆုံးအသုတ်ကို ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အရပ်သားထောင်ပေါင်းများစွာနဲ့ စစ်သားရာပေါင်းများစွာဟာ အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်လာခဲ့ကြပါတယ်။
ဒီအခြေအနေကို နယူးဒေလီအစိုးရက စိုးရိမ်ပြီး နှစ်နိုင်ငံနယ်စပ်မှာ ခြံစည်းရိုးခတ်မယ့် အစီအစဉ်ကို ကြေညာထားသလို ဗီဇာမလိုဘဲ ဝင်ထွက်သွားလာခွင့်ကိုလည်း ရုတ်သိမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလက လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် လူ ၂၂၀ ထက်မနည်းသေဆုံးခဲ့တဲ့ မကြာခဏ တိုက်ခိုက်မှုတွေကို နိုင်နင်းအောင် ကိုင်တွယ်နေရတဲ့ မဏိပူရပြည်နယ်အစိုးရက မြန်မာဒုက္ခသည် ၇၇ ဦးကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်ထားပြီး မေ ၂ ရက်နေ့မှာ ၃၈ ဦးကို ပြန်လည်ပို့ ဆောင်ခဲ့တာပါ။
ခွဲခြားဆက်ဆံမှုမရှိဘဲ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ပထမအသုတ်ကို မိမိတို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ် အမ်ဘိုင်ရန်ဆင်းချ်က လူမှုမီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။
ပြည်နယ်အစိုးရက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဆက်လက်ဖော်ထုတ်နေကြောင်းလည်း သူကဖြည့်စွက်ပြောကြားပါတယ်။ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံသားတစ်ဦးကိုလည်း ပြန်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံလိုပဲ အိန္ဒိယဟာ ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီမှုကို လက်မှတ် မထိုးထားပါဘူး။ ဒီသဘောတူညီမှုက ဒုက္ခသည်တွေရဲ့ အခွင့်အရေး၊ သူတို့ကို ကာကွယ်ပေးရမယ့် အစိုးရတွေရဲ့ တာဝန်တွေကို သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။
အိန္ဒိယမှာ ဒုက္ခသည်တွေကို ကာကွယ်ရေး သူတို့ကိုယ်ပိုင် ပြဌာန်းထားတဲ့ ဥပဒေတွေလည်း မရှိပါဘူး။
ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ BJPပါတီဝင်ဖြစ်တဲ့ ဆင်းချ်က ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်မှု စ တင်ပြီလို့ မတ်လကပြောကြားခဲ့ပေမယ့် မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အနှောင့် အယှက် ဖြစ်ခဲ့ရတယ်လို့ အိန္ဒိယလုံခြုံရေးအရာရှိတွေက ပြောပါတယ်။
မဏိပူရမှာ အကြမ်းဖက်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုဟာ ဒုက္ခသည်တွေ ဝင်ရောက်လာမှုကြောင့်ဖြစ်တယ်လို့ မိုဒီအစိုးရက ပြောဆိုထားပါတယ်။
Ref: BangkokPost