ဘုတ်ပြင်း၊ မေ ၃
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လေညာကျေးရွာမှာ မေ ၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ မိန်းကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လေညာကျေးရွာနေ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် မမိစုဟာ နေအိမ်ကနေ တညင်ရွက်ခူးဖို့ သွားစဉ် စစ်ကောင်စီရဲ့ ခမရ ၅၆၀ တပ် ရင်းအနောက် ရော်ဘာခြံထဲမှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိတာကြောင့် မိန်းကလေးငယ် မမိစုဟာ ဘယ်ဘက်ခြေဖဝါးပြတ်တောက်ခဲ့ရပြီး ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးငယ်ကို ဒေသလူမှုကယ်ဆယ်ရေးအဖွဲ့ အ ကူအညီနဲ့ ဘုတ်ပြင်းမြို့ရှိ စစ်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ခမရ ၅၆၀ တပ်ရင်းက သူတို့တပ်အနီးပတ်ဝန်းကျင်ထံ ဒေသခံပြည်သူတွေ ဖြတ်သန်းသွားလာတွေ မလုပ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ပြီးခဲ့တဲ့နှစ်ကတည်းက ခေါ်ယူအသိပေးထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒေသခံပြည်သူတွေကတော့ မိသားစုစားဝတ်နေရေးအတွက် ခြံထွက်သီးနှံရှာဖွေတာနဲ့ ဟင်းသီးဟင်းရွက်ခူးပြီး စားသောက်နေရတာကြောင့် သွားလာလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ ဘုတ်ပြင်းမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း အရပ် သားပြည်သူတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ