ပုလော၊ မေ ၄
တနင်္သာရီတိုင်း ပုလောမြို့နယ် ထမင်းမစားကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်တစ်ဦးကျဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင် အားစု နဂါးမဲစစ်ကြောင်းထံကနေ သိရပါတယ်။
မေ ၂ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ တပ်အင်အား ၄၀ ဝန်းကျင်နဲ့ ထမင်းမစားကျေးရွာစာသင် ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ နဂါးမဲစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက စခန်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပေမယ့် ဘန်ကာမဖြိုချနိုင်တဲ့အတွက် ပြန်ဆုတ်ခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ၄၀ မမ လက်နက်ကြီး ထိမှန်မှုကြောင့် ဒဏ်ရာရရှိတဲ့ ရဲဘော် ကိုးဦးထဲမှ စိုးရိမ်ရတဲ့ ရဲဘော်တစ်ဦးဟာ မေ ၃ ရက်နေ့မှာ ကျဆုံးသွားတယ်လို့ သိရပါတယ်။
မေ ၃ ရက်နေ့မှာလည်း ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း ပုလောမြို့နယ် ပလမြို့ရဲစန်းနဲ့ တိုတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ