ကြာအင်းဆိပ်ကြီး၊ မေ ၃
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တောင်စွန်းစစ်စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကာ တပ်ရင်းမှူးအပါ ၁၃ ဦး ထွက်ပြေးသွားခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ဒီကနေ့ မေ ၃ ရက်နေ့မှာ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းတပ်စခန်းကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF၊ Lion Battalion Commando စစ်ကြောင်း၊ Federal Wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့တို့က ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တောင်စွန်းတပ်စခန်းကို ဧပြီ ၇ ရက်နေ့က ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဧပြီ ၁၇ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မေ ၃ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ၄၀ ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး သေဆုံးကာ တပ်ရင်းမှူးအပါ ၁၃ ဦး ထွက်ပြေးသွားခဲ့တယ်လို့ SOF က ဆိုထားပါတယ်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်၊ Mi 35 လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၃၆ ကြိမ် ပြုလုပ်ခဲ့ပြီး တောင်စွန်းနဲ့ ဆင်ပြေးရွာရှိ လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ရဲဘော်တွေလည်း ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ SOF တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – SOF