ရန်ကုန် ၊ မေ ၂
အာဏာသိမ်းသုံးနှစ်ကျော်အတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်ဦးနဲ့ စီးပွားရေးလုပ်ငန်းစတဲ့ အရပ်သားပိုင်ပစ္စည်းဥစ္စာပေါင်း ၁၁၀၀ ကျော်ကို စစ်အုပ်စုက မတရားသိမ်းဆည်းထားတယ်လို့ AAPP ရဲ့ မှတ်တမ်းအရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အနေနဲ့ မေ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းပါ အချက်အလက်တွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ ကောက်ယူထားတာဖြစ်ပါတယ်။
မှတ်တမ်းအရ ဒီမိုကရေစီအရေးမှာ တက်ကြွစွာပါဝင်ပြီး ဆန့်ကျင်ဆန္ဒပြကြတဲ့ သပိတ်အဖွဲ့ဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အရင်အစိုးရအဖွဲ့ဝင်တွေနဲ့နိုင်ငံရေးပါတီဝင်တွေ၊ ပညာရေးဝန်ထမ်းတွေ၊ မီဒီယာကဏ္ဍမှာ ပါဝင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် အရပ်သားပြည်သူ ၉၃၀ ကျော်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တာပါ။
သိမ်းဆည်းခံရသူတွေထဲက ၁၄ ယောက်မှာ တစ်ကြိမ်ထက်ပိုပြီး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရသလို အများဆုံး ၅ ကြိမ်အထိ သိမ်းဆည်းခံထားရသူ တစ်ယောက်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုက အရပ်သားတွေရဲ့ ပစ္စည်းတွေကို မတရားသိမ်းဆည်းတဲ့အပြင် ပစ္စည်းသိမ်းခံရတဲ့ ပြည်သူ ၆ ယောက်ကို သတ်ဖြတ်ခဲ့သလို ၆၇ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ AAPP ရဲ့ မှတ်တမ်းအရ သိရပါ တယ်။
သိမ်းဆည်းခံရတဲ့ အမျိုးအစားတွေထဲမှာတော့ တိုက်ခန်းနဲ့ နေအိမ်အလုံးပေါင်း ၈၈၀ ကျော်၊ဆေးရုံနဲ့ ဆေးခန်း ၁၁ ခု၊ စီးပွားရေးလုပ်ငန်း ၂၈ ခု၊ တည်းခိုခန်းနဲ့ ဟိုတယ် ၁၀ လုံး၊ စာသင်ကျောင်း ၇ ကျောင်းပါဝင်ပြီး စုပေါင်းပြစ်ဒဏ် သက်ရောက်မှုကြီးမားတဲ့ အမျိုးအစားတချို့ကိုသာ ဖော်ပြထားတာပါ။
တိုင်းနဲ့ပြည်နယ်အလိုက် အရပ်သားပြည်သူတွေရဲ့ ပစ္စည်းဥစ္စာသိမ်းဆည်းခံရမှုမှာတော့ စစ်ကိုင်း တိုင်းက အရေအတွက် အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းက ဒုတိယနဲ့ မန္တလေးတိုင်းက တတိယဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရတဲ့အတွက် စိုးရိမ်သောကရောက်ရတဲ့အပြင် သူတို့အပေါ် အကြမ်းဖက်မှုတွေ အချိန်မရွေး ကျူးလွန်ခံလာရနိုင်တဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရမှုအခြေအနေတွေ ဖြစ်ပေါ်စေတယ်လို့ AAPP က ဆိုပါတယ်။
မှတ်တမ်းအရ မြန်မာနိုင်ငံမှာ စစ်အုပ်စုက အာဏာလုယူပြီးနောက် အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆိုးရွားစွာ ကျူးလွန်နေတဲ့အပြင် အကြောက်တရား လွှမ်းခြုံနေစေရေး ရက်စက်တဲ့နည်းလမ်းပေါင်းစုံ အသုံးပြုနေတာပါ။
ဒါကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ ဘေးဒုက္ခ ဆိုးတွေ အမြန်ဆုံးချုပ်ငြိမ်းစေရေး စစ်အုပ်စုကိုထိရောက်စွာ အရေးယူနိုင်မယ့်လုပ် ငန်းစဉ်တွေကို တိကျပြတ်သားစွာ အကောင်အထည်ဖော်ဖို့ AAPP က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media