ကွာလာလမ်ပူ၊ မေ ၃
မလေးရှားအစိုးရဝန်ထမ်းတွေကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး လစာ ၁၃ရာခိုင်နှုန်းကျော် တိုးပေးသွားမယ်လို့ ဝန်ကြီးချုပ် အန်ဝါအေဗရာဟင်က ကြေညာလိုက်ပါတယ်။
အခုတစ်ကြိမ် အစိုးရဝန်ထမ်းတွေရဲ့ လစာတိုးပေးမှုဟာ အများဆုံးတိုးပေးမှုဖြစ်ပြီး အစိုးရအနေနဲ့ နှစ်စဉ် ဒေါ်လာ ၂ ဒသမ ၀၉ ဘီလီယံ(ရင်းဂစ် ၁၀ဘီလီယံ) ကုန်ကျမှာဖြစ်ကြောင်း မစ္စတာအန်ဝါက ပြောပါတယ်။
မလေးရှားမှာ အစိုးရဝန်ထမ်း ၁ ဒသမ၂ သန်း ရှိပြီး သူတို့ထဲက ၉၀ရာခိုင်နှုန်းဟာ မလေးလူမျိုးတွေ ဖြစ်ကြောင်း Free Malaysia Todayသတင်းဌာနရဲ့ ဖော်ပြချက် အရသိရပါတယ်။
မလေးရှားမှာ လွန်ခဲ့တဲ့ ၁၂နှစ်က အစိုးရဝန်ထမ်းတွေ နောက်ဆုံးအကြိမ် လစာတိုးခဲ့ပြီး အဲဒီအချိန်က ၁၃ ရာခိုင်နှုန်းအထိ တိုးပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိလိုငွေပြမှုနဲ့အတူ မိမိတို့ရဲ့အကြွေးတွေ များကောင်းများနေမှာ ဖြစ်ပေမယ့် အလုပ်သမားတွေရဲ့ သာယာဝပြောရေးကို ကျွန်တော်တို့ အလေးအနက် စဉ်းစားရပါမယ်လို့ အန်ဝါက နိုင်ငံတော်အဆင့် အလုပ်သမားနေ့ အခမ်းအနားမှာ မေလ ၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။
အလုပ်သမားတွေအတွက် အကျိုးခံစားခွင့် အကောင်းဆုံး ဖြစ်စေရမယ်လို့ စောစောပိုင်းက ကတိပြုခဲ့တဲ့ အန်ဝါက အလုပ်သမားတွေရဲ့ လစာနဲ့ သတ်မှတ်ထားတဲ့ ထောက်ပံ့ငွေပေါင်းရင် သူတို့ဝင် ငွေဟာ အခုနှစ်ကစပြီး ရင်းဂစ် ၂၀၀၀ ပိုရမယ်လို့ ပြောကြားပါတယ်။
လက်ရှိ အစိုးရဝန်ထမ်းတွေရဲ့ အနည်းဆုံး လစာဟာ ၁၇၆၅ ရင်းဂစ် ဖြစ်ပါတယ်။ သတ်မှတ်ချက်အသစ်၊ အစီအစဉ်အသစ်ကို မိတ်ဆက်မှာဖြစ်ပြီး ထောက်ပံ့ကြေးအပါအဝင် အနည်းဆုံးလစာ ရင်းဂစ် ၂၀၀၀ ကျော် ရှိရမယ်လို့ သူက ပြောပါတယ်။
ဒီအစီအစဉ်ကို လာမယ့် ဇန်နဝါရီလမှာ အကောင်အထည်ဖော်ဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် အခုနှစ်မကုန်ခင်စတင်ဖို့ ပြောင်းလဲဆုံးဖြတ်ခဲ့ကြောင်း အန်ဝါကပြောပါတယ်။
မလေးရှား အစိုးရက ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် တိုးမြှင့်ရေးလည်း ဆောင်ရွက်နေပြီး စွမ်းဆောင်ရည်ညံ့ဖျင်းတဲ့ ဝန်ထမ်းတွေကို ရာထူးတိုးပေးမှာ မဟုတ်ဘူးလို့ သူကဖြည့်စွက်ပြောကြားပါတယ်။
Ref:Sources