ဘားအံ၊ မေ ၂
ကရင်ပြည်နယ် ဘားအံမြို့နယ်ရဲ့ မြို့ချင်းဆက်လမ်းပိုင်းတွေဖြစ်တဲ့ ဘားအံ-သထုံနဲ့ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းတွေမှာ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့က ဂိတ်အသစ်ဖွင့်ပြီး ငွေကြေးတောင်း ခံမှုတွေ လုပ်ဆောင်နေတယ်လို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဘားအံမြို့နယ် ဘားအံ-သထုံ ကားလမ်းပေါ် ဆယ်မိုင်ကုန်းကျေးရွာအနီးမှာ BGF အမှတ် ၁၀၁၄ တပ်ဖွဲ့က ပြီးခဲ့တဲ့ မတ်လပိုင်းကစပြီး ဂိတ်အသစ်ဖွင့်ကာ ကုန်တင်ယာဉ်တွေကို အဓိကထားပြီး ငွေကြေးတောင်းယူမှုတွေ ပြုလုပ်လာတာပါ။
ဘားအံ-သထုံကားလမ်းပေါ် ဆယ်မိုင်ကုန်းရွာက BGF ဂိတ်စခန်းနဲ့ မနီးမဝေးလောက် ဝါးပိုးတောလမ်းဆုံနေရာမှာလည်း BGF တပ်ဖွဲ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းတပ်စွဲနေထိုင်ပြီး ကုန်တင်ယာဉ်တွေကို ငွေကြေးတောင်းခံမှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဘားအံမြို့နယ် ဘားအံ-လှိုင်းဘွဲ ကားလမ်းပေါ် ဘားအံစက်မှုဇုန်အနီးမှာလည်း BGF တပ် ဖွဲ့က ဂိတ်ဖွင့်ပြီး ကုန်တင်ယာဉ်တွေကို ငွေကြေးတောင်းခံမှု အဆမတန် လုပ်ဆောင်နေလျက်ရှိတဲ့အတွက် အခက်အခဲများစွာ ကြုံနေရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။
ကုန်တင်ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ BGF ဂိတ်မှာ ကားတစ်စီးလျှင် အနည်းဆုံး ကျပ် ၄ သောင်းလောက် တောင်းခံနေပြီး ရိုင်းစိုင်းစွာ ပြုမူဆက်ဆံတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ကုန်တင်ယာဉ်တစ်စီးကို ငွေကြေး ၄ သောင်း တောင်းခံနေလျက်ရှိသလို ကုန်တင်ယာဉ်ငယ်တွေကိုလည်း ငွေကျပ် ၁ သောင်း အနည်းဆုံး တောင်းခံနေလျက်ရှိပြီး ဘားအံမြို့ အဝင်အထွက်ဂိတ်က စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်စွဲထားတဲ့ ဂိတ်တွေမှာလည်း ငွေကြေးတောင်းခံတာတွေ လုပ် ဆောင်နေတယ်လို့ သိရပါတယ်။
ဒီလိုငွေကြေးတောင်းယူရာမှာ ယာဉ်မောင်းသမားတွေက ကားပေါ်ကနေဆင်းရပြီး ဂိတ်အထဲထိ ဝင်ရောက်ကာ ငွေပေးဆောင်ရခဲ့တယ်လို့ ခရီးသွားလာပြည်သူတွေထံကနေ သိရပါတယ်။
အထွေထွေကုန်ဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာပြီး စက်သုံးဆီဈေးတွေ အဆမတန်မြင့်မားလာနေတဲ့ အခုလိုအချိန်ခါမှာ BGF နဲ့ စစ်ကောင်စီတပ်ဖွဲ့က သွားလာနေတဲ့ ကုန်တင်ယာဉ်တွေအ ပေါ် ငွေကြေးကောက်ခံမှုအခြေအနေက အရင်ကထက် ပိုမိုမြင့်မားလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး စစ်ကောင်စီနဲ့ မပူးပေါင်းတော့တဲ့အပြင် လစာရိက္ခာတွေ မယူတော့ပဲ သီးခြားရပ်တည်သွားတော့မယ်လို့ BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စောချစ်သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ လုံခြုံရေးဆောင်ရွက်မှုပိုင်းတွေမှာ စစ်ကောင်စီလက်အောက်ခံတပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေဆဲဖြစ်ပြီး BGF ဂိတ်တွေလည်း ဘားအံ-သထုံ-လှိုင်းဘွဲ-ကော့ကရိတ်-မော်လမြိုင်စတဲ့ မြို့နယ်ချင်းဆက် လမ်းတွေပေါ်မှာ အရင်ကထက် ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media