ထားဝယ်၊ မေ ၃
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မေ ၂ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ တပ်အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဘု ရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်မသိရသေးပါဘူး။
တိုက်ပွဲဖြစ်ပွားနေချိန် ထားဝယ်မြို့နယ် ဇဟာရွာအခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး အရေအတွက် အများအပြားပစ်ကူပေးခဲ့တာကြောင့် လက်နက်ကြီးထိမှာစိုးရိမ်တဲ့အတွက် ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရတာပါ။
စစ်ရှောင်ပြည်သူတွေရဲ့ ပြောပြချက်အရ မောင်မယ်ရှောင်ဒေသခံတွေဟာ ရွာနဲ့ ၃ မိုင်ခန့်သာဝေးတဲ့ ထားဝယ်မြို့ပေါ်တွေနဲ့ နီးစပ်ရာကျေးရွာတွေကို ယာယီပြောင်းရွေ့နေထိုင်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပါသေးတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လအထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၅သောင်း ကျော်အထိ ရှိလာတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ