တနင်္သာရီ၊ မေ ၃
တနင်္သာရီတိုင်း တနင်္သာမြို့နယ် သိန္ဓောကျေးရွာအုပ်စုမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော်ဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ နွေ ဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ထံက သိရပါတယ်။
သိန္ဓောကျေးရွာအုပ်စုမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ကြောင့် ဒေသခံပြည်သူတွေဟာ ဧပြီ ၂၃ ရက်နေ့ကစပြီး ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
သိန္ဓောကျေးရွာအုပ်စုရှိ သိန္ဓော၊ ရေပူ၊ သူဌေးအရှေ့၊ သူဌေးအနောက်၊ မိုင်းသတ္တု၊ ဘန်းပြည့်အရှေ့ နဲ့ဘန်းပြည့်အနောက်စတဲ့ကျေးရွာ ၇ ရွာက ဒေသခံပြည်သူလူထု ၆၂၀၀ ကျော်ဟာ ဒီကနေ့ထိ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်သေးပါဘူး။
နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက စစ်ဘေးရှောင်တွေကို တစ်ခါကူညီရင် ၅ ရက်စာပဲ ရိက္ခာထောက်ပံပေးနိုင်ပြီး အပြည့်အဝကူညီချင်ပေမယ့် စစ်ဘေးရှောင်တွေအတွက် အလှူရှင်မရှိတာကြောင့် ရိက္ခာဖူလုံမှုမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဲဒီစစ်ဘေးရှောင်အားလုံးကို ၅ ရက်စာပဲ တစ်ခါသွားကြည့်တယ်။ ၅ ရက်စာပဲ ဖူလုံနိုင်တယ်။ ဘတ်ဂျက်က တအားကြီးမရှိဘူးကွယ်။ လာပြီးတော့မှ ထောက်ပံ့ပေးတဲ့သူကနည်း၊ အလှူရှင်တွေလည်း မရှိသလောက်ဘဲ တစ်ယောက်မှ မရှိသေးဘူး။ ပေ့ချ်မှာတင်ထားလည်း ၄ သိန်းပဲရသေးတယ်။ ဆန်တစ်အိတ်ကို ကျပ် ၁၁၅၀၀၀ ဖြစ်သွားပြီးလေ။ ထပ်ပြီးပံ့ပိုးချင်တယ်။ ဒါပေမယ့် အလှူ ရှင်ကမရှိတော့ အရှေ့ကိုရောက်နေပေမယ့် အနောက်ကပံ့ပိုးပေးမယ့်သူ မရှိဘူးဖြစ်နေတယ်” လို့ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော်ရှိတဲ့အထဲ ဒီနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားတာနဲ့ မြေပြင်အခြေအ နေတွေကြောင့် နွေဦးမေတ္တာအဖွဲ့က လက်လှမ်းမီသလောက် သွားရောက်ကူညီနိုင်တဲ့ စစ်ဘေးရှောင်ဦးရေ ၁၂၀၀ ကျော်သာရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်တွေကို သွားရောက်ကူညီရာမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“အခက်အခဲက အများကြီးရှိတာပေါ့။ ကောင်းကင်အနေအထားလဲ ကြည့်ရသေးတယ်။ ကိုယ်ကလည်း သံမဏိစက်ရုပ်မှမဟုတ်တာ။ ဒါပေမယ့်လေ အဲဒီလိုမျိုး အနေအထားမှာ ကိုယ်ဟာနဲ့ကိုယ်တောင် စိတ်မပူအားဘူး။ သူတို့ကိုဘဲပိုပြီးတော့ ပူနေရတယ်။ လမ်းမှာပဲ အဲဒီစကစနဲ့ တိုးမလား၊ မိုင်းပဲနင်းမိမလား အဲဒီလိုမျိုးတွေတော့ ရှိတယ်”လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီက တနင်္သာရီမြို့နယ်က ကျေးရွာတွေကို ရိက္ခာသယ်ယူခွင့်နဲ့ ဆေး ဝါးသယ်ယူခွင့်တွေ ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်တွေအတွက် ဆီချိုဆေးနဲ့ သွေးတိုးဆေးတွေ လိုအပ်နေတဲ့အပြင် လမ်းတွေမှာလည်း စစ်ကောင်စီဘက်က စစ်ဆေးမှု တင်းကျပ်ထားတယ်လို့ သိရပါတယ်။
သိန္ဓောကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင် အားစုပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်တာနဲ့ နေအိမ်ပျက်ဆီးတာတွေလည်း ရှိနေပေမယ့် အရေအ တွက် အတိအကျကိုတော့ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိ တိုးလာတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ဧပြီ ၁၃ ရက်နေ့ထုတ် အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-နွေဦးမေတ္တာ