တနင်္သာရီ၊ မေ ၂
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တုံးပျောကြီးကျေးရွာရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၂ ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်မှာ အင်အား ၃၀ ဝန်းကျင်နဲ့ တုံးပျောကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်း စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် အချိန်မိနစ် ၂၀ နီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သား ၂ ဦး သေဆုံးခဲ့သလို ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းစစ်ကြောင်း ၂ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တုံးပျောကြီး စာသင်ကျောင်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပြန်လည်ပစ်ခတ်ကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ် ကြောင်း ၂ ဘက်က ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှု၊ ကြားဖြတ်တိုက် ခိုက်မှုနဲ့ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား နှစ်ဖက်စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှာ တနင်္သာရီမြို့နယ် ပကဖ ရိုးမအဖွဲ့၊ တောဗုံးကြီးအဖွဲ့၊ တိုင်းပကဖ လုံခြုံရေးအဖွဲ့၊ ကျွန်းစုပကဖ၊ မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ (၂)၊ ပုလောပကဖ၊ Dragon Squad ဒရုန်းတပ်ဖွဲ့တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ ဧပြီ ၂၇ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ရေဖြူကျေးရွာ ကမ္ဘောဇဆီအုန်းကုမ္မဏီ ရှင်း လင်းဆောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ် သား ၄ ဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-တနင်္သာရီ ပကဖ