မော်လမြိုင် ၊ မေ ၃

နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ဆေးမအောင်တဲ့ လူငယ်တွေကိုလည်း စစ်သားစုဆောင်းထားဖို့ ညွှန်ကြားထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆေးစစ်ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းဖို့ အမြဲမသင့်လျော်သူ ဖြစ် ကြောင်း သတ်မှတ်ထားသူတွေကို စစ်တပ်ထဲဝင်ဖို့ ကင်းလွတ်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပေမယ့် လက်ရှိမှာတော့ ရောဂါအခံရှိသူတွေအပါအဝင် HIV ရောဂါပိုးရှိသူတွေကအစ စစ်သားစုဆောင်းဖို့ ညွှန်ကြားထားတာပါ။

တပ်တွင်းသတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ရောဂါအခံရှိသူအပါ အဝင် ခြေကျိုးလက်ကျိုးတွေကအစ ဆေးအောင်ခွင့်ပေးခိုင်းထားသလို ဆေးအဆင့်အလိုက် သတ် မှတ်ပြီး အတင်းအကျပ် စစ်မှုထမ်းခိုင်းဖို့ ညွှန်ကြားထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆေးတပ်တွေကို ဘယ်လိုညွှန်ကြားထားလဲဆိုရင် နှစ်လအတွင်း ဆေးစစ်နိုင်အောင် လုပ်ခိုင်းထားတယ်။ ဆေးစစ်တဲ့နေရာမှာ HIV ရောဂါပိုး၊ ဘီပိုးနဲ့ ခြေကျိုးလက်ကျိုးတွေတောင်မှပဲ ဆေးအဆင့်ကျလို့ မရဘူး။ သူတို့က A B C ဆိုပြီးပဲ ပေးပိုင်ခွင့်ရှိတယ်။ A ဆိုရင် သန်သန်မာမာပေါ့။ စစ်တိုက်လို့ ရတယ်ပေါ့။ B လို့သတ် မှတ်ထားတဲ့ နှလုံးရောဂါရှိတာတို့ဆိုရင်တော့ လမ်းမှာရှိတဲ့ ဘဏ်တွေကို လုံခြုံရေးလုပ်ရမယ်။ မြို့ဝင်မြို့ထွက်တွေမှာ ကင်းစောင့်ရမယ်။ C ကတော့ HIV ဖြစ်တဲ့သူတို့၊ ဘီပိုးရှိတဲ့သူတို့၊ ပြီးလို့ရှိရင် ခြေထောက်ကျိုးနေတဲ့ သူတို့၊ လက်ပြတ်နေတဲ့သူတို့ဆိုရင် ရုံးဌာနတွေပေါ့။ တိုင်းစစ်ဌာနချုပ်တွေ၊ တပ်ရင်းရုံးတွေမှာ သွားပြီးတော့ တာဝန်ထမ်းဆောင်ရမယ်လို့ ပြော ထားတယ်။ အဲဒီလို ညွန်ကြားထားတယ်”လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်းသူတွေနဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့်ပြုထားသူတွေကို စစ်ထဲဝင်ဖို့ ကင်းလွတ်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

တပ်တွင်းသတင်းရင်းမြစ်ကတော့ စစ်ကောင်စီက ဆေးစစ်တဲ့ဆရာဝန်တွေကို ဆေးစစ်တဲ့နေရာမှာ ဆေးအဆင့် ချခွင့်မပေးဘဲ ဆေးအဆင့်ချပါက အရေးယူမယ်ဆိုပြီး ညွှန်ကြားထားသလို အခုလို စစ်မှုထမ်းခံရမယ့်သူအားလုံးကို ဆေးအောင်ခွင့်ပြုတာဟာ သူတို့ကောင်းစားဖို့အတွက် ဖြစ်တယ်လို့ ဝေဖန်တာပါ။

“ဆရာဝန်တစ်ယောက်က ဆေးအဆင့်ချတယ်ဆိုတာ လုံးဝစစ်တပ်နဲ့ မသင့်လျှော်ဘူးလို့ မှတ်ချက်ပေးလိုက် တာနဲ့ အဲဒီဆရာဝန် အချုပ်ထဲဝင်ရမယ်။ အဓိကကတော့ အမိန့်ကိုပြီးစလွယ်ပေးတာ။ သေချာတိတိကျကျ ဘယ်လိုလုပ်မလဲဆိုတဲ့ Plan မရှိတာ။ သူတို့(စကစ)တွေပဲ ကောင်းစားသွားတာ။ လက်တစ်ဆုပ်စာ လူတန်းစားပဲ တစ်သက်လုံး ကောင်းစားချမ်းသာ၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့ ချမ်းသားပြီးတော့ လက်တစ်ဆုပ်စာ လူတန်းစားပဲ နေရာတွေရပြီးတော့ သူတို့တွေပဲ အခွင့်အ လမ်းတွေရပြီးတော့ မမျှတဘူးပေါ့ကွာ”လို့ ဆိုပါ တယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်မှုထမ်းခိုင်းဖို့အတွက် ပြည်သူတွေကို ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အတင်းအကျပ်ဆင့်ခေါ်တာ၊ မဲနှိုက်ခိုင်းတာအပြင် အသက်အရွယ်ပြည့်မှီသူတွေကို ရပ်ကျေးတွေက စာရင်းတွေတောင်းပြီး လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၂ အတွက် သက်ဆိုင်ရာမြို့နယ်တွေမှာ သင်တန်းသားစာရင်း ကြိုတင် ကောက်ယူနိုင်ဖို့အတွက် သက်ဆိုင်ရာခရိုင်တွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဖို့ဆိုပြီး လျှို့ ဝှက်ညွှန်ကြားတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေး အဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်းအပတ်စဉ် ၁ မှာ နိုင်ငံတဝန်းက လူငယ် ၄၃၀၀ ကျော်ကို စစ်သားစုဆောင်းခံရပြီး သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ ဆောင်ထားတယ်လို့ ပြီခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.