ကျိုက်ထို၊ မေ ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေ ၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန် ရေး အင်အားစုပူးပေါင်းအဖွဲ့ထံက သိရပါတယ်။
တပ်အင်အား ၃၀ ကျော် တပ်စွဲနေထိုင်နေတဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့က လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးနဲ့ လက်နက်ကြီးကျည်တွေဟာ စစ်ဆေးရေးဂိတ်အတွင်းနဲ့ ထမင်း ချက်အဆောင်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဟွန်ဒါဖစ်တစ်စီးအပါအဝင် လူနာတင်ယာဉ်တွေနဲ့ ခေါ်ထုတ်သွားတာတွေ့ရတာကြောင့် သေဆုံးထိခိုက်အသေးစိတ်သိရဖို့ စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
စစ်ဆေးရေးဂိတ် လက်နက်ကြီး၊ ဒရုန်းဗုံးသီးတွေနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်ကလည်း လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ခရီးသွားကားတွေက ဖြတ်သန်းသွားလာလို့မရဲဘဲ ရပ်စောင့်နေကြရပါတယ်။
နှစ်ဖက်ပစ်ခတ်မှုဟာ တစ်နာရီကျော်ကြာမြင့်ခဲ့တာကြောင့် မနက် ၉ နာရီကျော်ခန့်မှာသာ ခရီးသွားကားတွေ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း စစ်တောင်းတံတားအသစ်ရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို ဒရုန်းဗုံး ၁၀ လုံးချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့တွေဘက်က ၃ ကြိမ်တိုင်တိုင် ဒရုန်းနဲ့ဗုံးချတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KRF