ဘီးလင်း၊ မေ ၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာနဲ့မဲပလီကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအ တွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ နတ်ကြီးအခြေစိုက်စခန်းကနေ အင်အား ၄၀ ဝန်းကျင်နဲ့ မဲပလီစခန်းဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန်တစ်နာရီနီးပါးကြား ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၆ ဦးပြင်းထန်ဒဏ်ရာရခဲ့သလို သူရိယစစ် ကြောင်းဘက်က ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာရတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး အချိန်အတော်ကြာမှာ စစ်ကောင်စီစစ်ကြောင်းဟာ မဲပလီဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က ကာလအတော်ကြာ စစ်ကြောင်းထိုးလှုပ်ရှားမှုတွေ ရပ်တန့်ထားရာကနေ အခုအခါမှာ စစ်ရေးလှုပ်ရှားမှုတွေပြန်လည်လုပ်ဆောင်လာတာပါ။
စစ်ကောင်စီဘက်က ဘီးလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလှုပ်ရှားတာတွေ ရပ်တန့်ထားခဲ့ပေမယ့် နေ့စဉ်လိုလို ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုကိသေဆုံးတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့သေးတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ