သထုံ၊ ဧပြီ ၂၆
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်နဲ့ဘားအံမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က KNU ဘားအံမြို့နယ် ထီးနူးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၂ အရွယ် နော်ချေမူနဲ့ အသက် ၈၅ နှစ်အရွယ် ဖီးပန်းပုတို့မှာ လက်မောင်း၊ လည်ပင်းနဲ့ခြေထောက်တွေမှာ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဧပြီ ၁၈ ရက်နေ့ကလည်း သထုံမြို့နယ် ပိန္နဲတောအခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ လက်နက် ကြီး ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ပိန္နဲတောကျေးရွာဒေသခံ ဦးရဲဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားနှစ်စီးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဧပြီ ၂၂ ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် မရမ်းကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံနေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူအကြား စိုး ရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး တချို့ဒေသခံတွေက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ KNU သထုံခရိုင် ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU သထုံခရိုင်ထဲမှာ ပြီးခဲ့တဲ့နှစ်အလယ်လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားတာ မရှိသလောက်နည်းပါးခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မ ကြာခဏ ပြုလုပ်နေတာပါ။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ကလည်း KNU ဘားအံမြို့နယ် မင်းစောကျေးရွာထဲကို စစ်ကောင်စီရဲ့ လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်းနဲ့နေ အိမ်တွေပျက်စီးခဲ့ တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU