ရေဖြူ၊ ဧပြီ ၂၆
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ မောရဝတီရေတပ်ဌာနချုပ်မှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံအမျိုးသားတစ်ဦး သေဆုံးသွားကြောင်း စစ်ကောင်စီဘက်က အကြောင်းကြားလာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ကံပေါက်ဒေသ ဖောင်းတောကျေးရွာနေ အသက် ၅၂ နှစ်အရွယ် ဦးဝင်းဘိုနဲ့ သားအဖ ၂ ဦးကို ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခေါ် ဆောင်သွားတာပါ။
ဖမ်းဆီးခံ ဦးဝင်းဘိုဟာ ဧပြီ ၂၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ဦးနှောက်သွေးကြောပြတ်ပြီး သေ ဆုံးသွားကြောင်း စစ်ကောင်စီဘက်က မိသားစုဝင်ထံ အကြောင်းကြားလာတဲ့အတွက် ညတွင်းချင်း အလောင်းသွားပြန်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ဦးဝင်ဘိုရဲ့ အလောင်းကို မိသားစုဝင်တွေ စစ်ဆေးစဉ် ပြင်ပ ဒဏ်ရာမတွေ့ရဘဲ လက်ကောက်ဝတ်နှစ်ဖက်မှာ လက်ထိပ်ခတ်ထားတဲ့ဒဏ်ကြောင့် ပွန်းပဲ့ဒဏ်ရာတွေသာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ သေဆုံးသွားတဲ့ ဦးဝင်းဘိုဟာ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးသာဖြစ်ပြီး PDF တွေနဲ့ပတ်သက်မှုမရှိပေမယ့် စစ်ကောင်စီဘက်ကတော့ PDF တွေနဲ့ပတ်သက်မှုရှိတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးခဲ့တာပါ။
အဖေဖြစ်သူ ဦးဝင်းဘို စစ်ကြောရေးမှာ သေဆုံးသွားပေမယ့် သားဖြစ်သူကိုတော့ စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်မပေးသေးပါဘူး။
အခုဖြစ်စဉ်ဟာ ကံပေါက်ဒေသမှာ စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားပြီးနောက် စစ်ဆေးခံနေရစဉ် သေဆုံးမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း ကံပေါက်ဒေသ ဗိုလ်ချုပ်ရပ်ကွက်မှာ အထည်ဆိုင်ဖွင့်ထားတဲ့ လင်မယားနှစ်ဦး ဖမ်းဆီးခံရပြီး လက်ရှိအချိန်အထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ