ပခုက္ကူ၊ဧပြီ ၂၅
မကွေးတိုင်း၊ပခုက္ကူနည်းပညာတက္ကသိုလ် ဂိတ်စခန်းမှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားကို Southern YSO PDF က အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ တာဝန်ခံ ကိုအောင်မောင်းဆိုသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူဟာ ပခုက္ကူ GTC နဲ့ ကျောက်လှေခါး ဂိတ်မှာ ၂ နှစ်နီးပါး တာဝန်ကျခဲ့ကာ အဲဒီဂိတ်တွေမှာ မိုင်းဆင်ပေးရသူဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေကသူ့ကို အရှင်ဖမ်းဆီးရမိဖို့ ကြိုးပမ်းခဲ့ပေမယ့် ထွက်ပြေးဖို့ ကြိုးစားပြီး ပြန်လည်ခုခံခဲ့တဲ့အတွက် အသေပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ တာဝန်ခံက ပြောပါတယ်။
“GTC ဂိတ်အနီးက လက်ဖက်ရည်ဆိုင်မှာပဲ ကျွန်တော်တို့အဖွဲ့သားတွေက သတင်းရယူဖို့အတွက် အရှင်ဖမ်းဖို့ ကြိုးစားခဲ့ပေမယ့် သူကထွက်ပြေးဖို့ကြိုးစားပြီး ပြန်ခုခံလို့ အသေပစ်သတ်ခဲ့ရတာ ပါ”လို့ သူကပြောခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်သားဟာ ပခုက္ကူအခြေစိုက်တပ် ၂၅၂ ဖရဖ ဦးကျော်ဝင်းနိုင်ဆိုသူဖြစ်တယ်လို့ သိရပြီး သူ့ဆီက ဖုန်းတစ်လုံးသိမ်းဆည်းရခဲ့မိ တယ်လို့လည်း အသိပေးထားပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ ဖုန်းထဲက PDF တွေရဲ့ ထောက်ပို့နေအိမ် အချက်အလက်မြေပုံ၊ PDF တပ် တွေဆင်ထားတဲ့ မိုင်းပွိုင့်နေရာအချက်အလက်၊ပျူစောထီးနဲ့ ဒလန်တွေရဲ့ အချက် အလက်တွေ ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားကို ဖမ်းဆီးရမိတဲ့နေ့မှာပဲ ကျေးရွာအတွင်းက သတင်းပေး ဒလန်အမျိုး သားတစ်ဦးကို သက်ဆိုင်ရာ နယ်မြေအခြေစိုက် PDF တပ်ဖွဲ့ထံ အကြောင်းကြားပြီး ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ထားပြီး အရေးယူသွားဖို့ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Southern YSO PDF