ထားဝယ်၊ ဧပြီ ၂၅

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောထာကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ မောထာ ရှေ့တန်းခြေကုပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

တပ်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်နေတဲ့ မောထာရှေ့တန်းခြေကုပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားတဲ့အတွက် မောထာရှေ့ တန်း ခြေကုပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တွေက အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ကြီးလက်နက်ငယ် ၃၄ လက် ၊ လက်နက်ကြီးကျည် အမြောက်အများ၊ ကျည်ဆံ၊ ကျည်ဘောက်တွေနဲ့စစ်သုံးဆက်စပ်ပစ္စည်းအမြောက်အများကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့ တွေက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မောထာတပ်စခန်းကို မြိတ်အခြေစိုက် အမှတ်(၁၇) ခြေလျင်တပ်ရင်းရဲ့ ရှေ့တန်းခြေကုပ်စခန်းတစ်ခု ဖြစ်ပြီး မဆုတ်တမ်းခံစစ်စခန်းလည်း ဖြစ်ပါတယ်။

ထားဝယ်မြို့နယ် အရှေ့တောဒေသမှာတော့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အခုနှစ်အတွင်း မောထာတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းနှစ်ခုအထိ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA/PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.