ကျောက်ကြီး၊ ဧပြီ ၂၅
ပဲခူတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ထဲကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တို့မှာ KNU ရဲ့ လယ်ဒိုမြို့နယ်ဖြစ်တဲ့ ကျောက်ကြီးမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့သလို လက်နက်ကြီး ၉ လုံးထက်မနည်း ပစ်ခတ်ခဲ့တာ ပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၅၀ အရွယ် အမျိုးသမီး ၂ ဦး သေဆုံးပြီး ကလေး ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူပိုင် နေအိမ်အဆောက်အအုံတွေအပြင် စာသင်ကျောင်းတစ်ကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းက အနားဘောက်ရွာသား ၄ ဦးကို အကြောင်းမဲ့ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU