ကော့ကရိတ် ၊ ဧပြီ ၂၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ကော့ဘိန်းကျေးရွာထဲ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လမ်းမှာတွေ့သမျှ ဒေသခံအမျိုးသားတွေကို ဖမ်းဆီးကြိုးတုပ်ပြီး ရိုက်နက်နှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းရှိတဲ့ ကော့ဘိန်းကျေးရွာထဲကို ဧပြီ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံအမျိုး သားတချို့ကို ဖမ်းဆီးပြီးနောက် ထိုးကြိတ်ရိုက်နက်တာတွေ လုပ်ဆောင်နေသလို အဲဒီထဲမှာပြန်လွတ်လာတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကော့ဘိန်းရွာအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးတုပ်ဖမ်းဆီးနှိပ်စက်မှုကနေ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို အခုလို ပြောပါတယ်။

“သူတို့ (စကစ) အဲဒီမှာတွေ့သမျှ ယောင်္ကျားလေးတွေ လှမ်းခေါ်ပြီး ကြိုးချည်တာ။ (ဖမ်းခံထိ) အခုထိတဲ့သူက သူ့ကိုမေးတယ်ဖြေပေးတယ်။ အဲဒီမှာကြိုးချည်ပြီး သူတို့ထုတယ် ထိုးတယ်။ လွတ်လာတဲ့တစ်ယောက်က သူပြောပြတယ်။ သူ့အဖော်အကုန်လုံး ငါးယောက်ကြိုးချည်ခံရတယ်။ နောက်ပြီး တစ်နေရာရောက်တော့ ကြိုးတွေအကုန်လုံးဖြည်ပေးပြီး အိမ်အောက်မှာပေးနေခိုင်းတာ။ ခဏတအောင့်တော့ စစ်သားတွေ ထွက်သွားပြီးတော့ သူက (ကြိုးတုတ်ခံရပြီး လွတ်လာသူ) ဒီဘက်ကမ်းပြေးဝင်လာတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်မှုမှာ ပါဝင်ခဲ့တဲ့ ကျန်အမျိုးသား ၄ ဦးကတော့ ဘေးလွတ်ရာထွက် ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိကို‌တော့ မသိရသေးဘူးလို့ အဲဒီ‌ ဒေသခံက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဓမ္မသနဲ့ကော့ဘိန်းကျေးရွာအနီးတဝိုက်ကနေ ပြန်လည်ဆုတ်ခွာလိုက်ပြီဆိုတဲ့ သတင်းကြောင့် နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ စစ်ကောင်စီတပ်က ဝင်ရောက်လှုပ်ရှားလာတာပါ။

အခုလို စစ်ကောင်စီတပ်ကြောင်းတွေ ဝင်ရောက်လာတဲ့အတွက် ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးကြရင်း ဒေသခံအမျိုးသမီးတစ်ဦးဟာ စစ်ကောင်စီတပ်သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၁၉ နှစ်အရွယ်ရှိပြီး ရွာကနေ စစ်ရှောင်ဖို့ ဆိုင်ကယ်မောင်းပြေးရင်း စစ်ကောင်စစ်တပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ပစ်ခတ်လာမှုကြောင့် ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတာလို့ ဒေသတွင်း သတင်းအရင်းအမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းနဲ့ ကျေးရွာအ တွင်း ဝင်ရောက်နေရာယူပြီး နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အတွက် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အဲဒီသတင်းအရင်းမြစ်က ဆိုပါတယ်။

တစ်ဘက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ပြန်လည်ဆုတ်ခွာသွားတဲ့အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ပစ်ခတ်သံတွေ မကြားမိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်သံတွေသာ ကြားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့မှာ ကော့ဘိန်းနယ်မြေရဲစခန်းကို မွန်၊ကရင်နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဂျိုင်းမြစ်ဒေသတလျှောက် နှစ်ဘက် စစ်ရေးတင်မားမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ကော့ဘိန်းရဲစခန်းကျပြီးကတည်းက ရမ္မာဝတီကားလမ်းပေါ်ရှိ ကျိုက်မရောမြို့ နယ်ထဲက ခရုံဂူ၊ ကော့သပ်၊ ကော့စွယ်၊ တရနာနဲ့ သံကလောင်ကျေးရွာတဝိုက်မှာ အင်အားတိုးချဲ့ပြီး ကြည်း၊ ရေ၊ လေတပ်တွေနဲ့ တန်ပြန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဧပြီ ၂၄ ရက်နေ့ကလည်း ကျိုက်မရောမြို့ နယ် ကော့စွယ်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးအခြေအနေစောင့်ကြည်နေသူတွေဆီက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.