ဆီဆိုင်၊ ဧပြီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ တွေက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO စစ်ဦးစီးချုပ်နေအိမ်တွေနဲ့ ဒေသခံနေအိမ် ၆ လုံးကို ဖြိုချဖျက်ဆီးကာ မီးရှို့ခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာရှိတဲ့ PNLO ဒုတိယ ဥက္ကဌ ၂ လည်းဖြစ်တဲ့ စစ်ဦးစီးချုပ်ရဲ့ မိသားစုပိုင် နေအိမ်ကို PNO ပြည်သူ့စစ်တွေက တော်လှန်ရေးကို ဦးဆောင်နေတဲ့ နေအိမ်ဆိုပြီး  မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် နားခိုက်ကျေးရွာအတွင်းရှိ ဒေသခံ နေအိမ် ၆ လုံးကိုလည်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO/PLNA ကို အားပေးတဲ့ နေအိမ်ဆိုပြီး ဖြိုချ ဖျက်ဆီးမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေအိမ်နေတွေကို ဖြိုချဖျက်ဆီးခြင်းမပြုမီ PNO ပြည်သူ့စစ်တွေက နေအိမ်အတွင်းရှိ တန်ဖိုးရှိ ပစ္စည်းတွေနဲ့ အိမ်တွင်း ပရိဘောဂ ပစ္စည်းတွေကို သယ်ယူသွားတယ်လို့ PNLA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အုပ်ချုပ်ရေးမှူး ထွန်းနောင်ခေါင်းဆောင်တဲ့ အဖွဲ့တွေနဲ့ PNO ပြည်သူ့စစ် အထူးကွန်မန်ဒို တပ်ရင်းမှ တပ်ဖွဲ့တွေက အဲ့ဒီနေ့ နေ့လည်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ဟာ စစ်အာရှင်စနစ်ကို စတင်ဆန့်ကျင်တိုက်ခိုက်တဲ့ အချိန်ကတည်းက ပအိုဝ်းအချင်းချင်း တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်အသိပေးခဲ့ပြီး အဲ့ဒီအတိုင်း ကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ကျင့်သုံးနေပေမယ့် PNO ပြည်သူ့စစ်တွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး  ပအိုဝ်းဒေသကို လက်နက်ကြီး၊ မီးလောင်ဗုံးနဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်ဖျက်ဆီးနေတယ်လို့ PNLA က ဆိုပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ကိုလည်း စစ်ကြောင်းထိုး တိုက်ခိုက်ခြင်းနဲ့ ချုံခိုတိုက်ခိုက်ခြင်းတွေကို ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

PNLA က သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး PNO ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ ရက်ပိုင်းကလည်း ဆီဆိုင်မြို့နယ် ပုံလောင်းကျေးရွာအနီးမှာ ပအိုဝ်းဒေသခံ ၂ ဦးကို  စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ၁ ဦး သေဆုံးခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.