မော်လမြိုင်၊ဧပြီ ၂၂

ကချင်ပြည်နယ်၊မြစ်ကြီးနားထောင်မှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီး ဝန်ထမ်း စစ်သားနဲ့ ရဲတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ဦးညွှတ်အလေးပြုတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အဖွဲ့ PPNM ကထုတ်ပြန်ထား ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်မှာ လွတ်မြောက်ခွင့်အတွက် တိုက်ပွဲဝင် ရင်း ဆန္ဒပြနေတာကို စစ်ကောင်စီက အင်အားသုံးပြီး ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် နိုင်ကျဉ်း ၂ ဦး ကျဆုံးခဲ့ရတာပါ။

အဲဒီဆန္ဒပြပွဲကို ဖြိုခွင်းဖို့ အင်အား ၇၀ ဝန်းကျင်ပါတဲ့ ရဲနဲ့ စစ်သား တွေဟာ အကျဉ်ထောင်ထဲဝင် ရောက်သွားပြီးနောက် သေနတ်ပစ်ခတ်သံတွေကြားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အင်အားသုံးဖြိုခွင်းမှုကြောင့် အကျဉ်းသား ၄ ဦးထက်နည်း သေဆုံးပြီး ၆ ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသလို ၁၀ ဦးမှာလည်း ဆေးဝါးကုသခွင့် လိုအပ်နေတယ်လို့ PPNM က သံလွင်တိုင်းမ်ကို ပြောထားပါတယ်။ 

စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာတော့ မြစ်ကြီးနားထောင်က အမျိုးသားအကျဉ်း ထောင်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး တရားမျှတမှုမရှိဘူးလို့ဆိုကာ အကျဉ်းသား တွေဆူပူသောင်းကျန်းနေတဲ့အတွက် အကျဉ်းဦးစီးဌာနက ဖျောင်းဖျပြောဆိုခဲ့ပေမယ့် လိုက်နာမှု မရှိဘဲ အော်ဟစ်ဆဲဆို ဆူပူမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်အနေနဲ့ အခုလို ထောင်တွင်းနဲ့ ထောင် ပြင်ပမှာ အသက်ပေးခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှုပြန်လည်ရရှိဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.