မော်လမြိုင်၊ဧပြီ ၁၉

အခွန်ကောက်ခံမှုလုပ်ငန်းတွေအနေနဲ့ ပြည်သူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ အထူးသတိ ပြုဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် ၁၅/၂၀၂၄ မှာ အခုလိုပြောခဲ့တာပါ။

“မြို့နယ်အဆင့်မှာ တာဝန်ယူထားရတဲ့သူတွေဆိုရင် ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေ ကြရတာမို့ အထူးသတိထားကြဖို့လိုမှာဖြစ်ပါကြောင်း၊ပြည်သူကို နိုင်ထက်စီးနင်းမဆက်ဆံမိဖို့၊ အာဏာပါဝါလက်ကိုင်ထားကာ ဦးဆောင်မှုတွေ မမှားယွင်းကြဖို့ အင်မတန်အရေးကြီးပါကြောင်း ၊ အခွန်ကောက်ခံမှုလုပ်ငန်းတွေဟာ ပြည်သူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး အထူး သတိပြုဖို့လိုတယ်” လို့ပြောခဲ့ပါတယ်။ 

ဒါ့အပြင်တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာဖြစ်စေ၊တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားမှာဖြစ်စေ အသေးအဖွဲ့ကိစ္စကစလို့ ကြီးမားတဲ့ ပြဿနာမျိုးတွေမဖြစ်ကြဖို့ အရေးကြီးတယ်လို့သူက ပြောပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့နောက်ဆုံးထွက်သက်အထိ တော်လှန်ရေးအင်အားစုတွေ ကို တိုက်ခိုက်လို့ရနိုင်တဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ရင်း ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေး နေမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီအစည်းအဝေးကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဦးဆောင်ကာ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊တွဲဖက်အမြဲတမ်းအတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

အစည်းအဝေးတက်ရောက်လာတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်တွေက ၁၄/၂၀၂၄ မှာချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ ပြီးစီးမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ချပြရှင်းလင်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.